DVB Logo
Home
မြန်မာသတင်း
မွန်၊ ကရင်နှင့် တနင်္သာရီတွင် စစ်အုပ်စုက ပြည်သူ ၁၆၀ ကို သတ်ဖြတ်ခဲ့ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ထုတ်ပြန်
DVB
·
October 31, 2022
မွန်၊ ကရင်နှင့် တနင်္သာရီတွင် စစ်အုပ်စုက ပြည်သူ ၁၆၀ ကို သတ်ဖြတ်ခဲ့ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ထုတ်ပြန်
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်အုပ်စုက  လူပေါင်း အယောက် ၁၆၀ သတ်ဖြတ်ခံရပြီး၊ ၅၇၀ ထိခိုက်ဒဏ်ရာရရှိသလို လူပေါင်း ၂၉၅၀ ဟာလည်း မတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခံခဲ့ရတယ်လို့ မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာအရ သိရပါတယ်။ 

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အချက်အလက်ကောက်ယူပြီး အခုအောက်တိုဘာလမှ ထုတ်ပြန်လိုက်တဲ့ ‘အလုံးစုံ ပျက်သုဉ်းခြင်း’ ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဒီကိန်းဂဏန်းဟာ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်က စုဆောင်းရရှိတဲ့ အချက်အလက်အဖြစ်ပြီး အမှန်တကယ် ဖြစ်ပွားတဲ့ ကိန်းဂဏန်းဟာ ဒီထက်ပိုများနိုင်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ထောင်ပေါင်းများစွာသော တက်ကြွလှုပ်ရှားသူတွေဟာလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသလို လူ‌ပေါင်း ၃၀,၀၀၀ ကျော် နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ လူမှုစီးပွားအခြေအနေဟာ လက်ရှိမှာ အကျပ်အတည်းအတွင်း ကျရောက်နေပြီး အထူးသဖြင် နိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ ပြည်သူတွေဟာ ဖယ်ကြဉ်ခံရမှု၊ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ အနာဂတ်အတွက် မသေချာမရေရာမှုတွေ ခံစားနေရကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးအချိုးဖောက်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊  မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပိုင်ဆိုင်မှု နေအိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖျက်ဆီးမှု၊ လိင်အကြမ်းဖက်မှု၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကို ဖိနှိပ်မှု၊ အာဏာသိမ်းပြီးနောက် လူမှုရေးထိခိုက်မှုအခြေအနေ စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုအမျိုးမျိုးကို အစီရင်ခံထားပါတယ်။

လက်ရှိ တိုင်းပြည် ပရမ်းပတာဖြစ်နေမှုအတွက် စစ်အုပ်စုတွေမှာ တာဝန်ရှိနေပြီး စစ်အုပ်စုရဲ့ မတရားမှုတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေဟာလည်း ကာလရှည်ကြာဖြစ်ပွားနေမှာ ဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။ 

စစ်အုပ်စုဟာ အာဏာနဲ့ ကိုယ်ကျိုးစီးပွားနောက်ကိုသာလိုက်ပြီး  ပြည်သူ့အတွက် ကြွယ်ဝမှု အေးချမ်းတည်ငြိမ်မှုကို ဆောင်ကြဉ်းရမယ့်အစား သူတို့အင်အားကြီးထွားဖို့နဲ့ လိုအင်တွေ ပြည်ဝဖို့သာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြောင်း ထောက်ပြပါတယ်။ 

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းတာဟာ စစ်အုပ်စုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှာမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတာ မဟုတ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာ မဟုတ်ကြောင်းကို သက်သေပြနေကြောင်းလည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ခက်ခဲပင်ပန်းပြီး ရှုပ်ထွေးမှုတွေနဲ့ မသေချာမှုတွေ ပြည်နှက်နေတဲ့ကာလဖြစ်ပြီး ပြစ်တင်ဝေဖန်မှုတွေကိုသာ ပြုလုပ်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း  စစ်အုပ်စုကို သူတို့ကျူးလွန်မှုတွေအတွက် တာဝန်ခံလာအောင် လုပ်ဆောင်နိုင်စွမ်း မရှိကြောင်းလည်း ဝေဖန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားတဲ့အတွက် လိင်အကြမ်းဖျက်မှုတွေလည်း မြင့်တက်လာနေသလို အိမ်တွင်းအကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းတွေလည်း များပြားလာကြောင်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် ဥပေဒရေးရာ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို ကိုးကားပြီး အစီရင်ခံထားပါတယ်။ 

စစ်ကောင်စီဟာ ပြည်သူလူထုကို စောင့်ကြည့်နေတဲ့ အခြေအနေဟာလည်း  စိုးရိမ်ဖွယ်ရာ မြင့်တက်နေသလို မြို့ကြီးတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ကာ ပြည်သူတွေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြည်သူတွေကို သတင်းအမှောင်ချဖို့ ကြိုးပမ်းခဲ့ပြီး ၂၀၂၂ ခု မတ်လ ၃၁ ရက်နေ့မှာ ထိုင်းနိုင်ငံထုတ် စလောင်းတွေကို တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။  စစ်ကောင်စီဟာ ဒီမိုကရေစီလှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့ မတရားတဲ့နည်းလမ်းတွေကို အသုံးပြုနေပြီး ဖမ်းဆီး၊ ငွေကြေးတောင်ခံနေတယ်လို့ ဆိုပါတယ်။ 

စစ်အုပ်စုဟာ မတရားဖမ်းဆီး ထောင်ချမှုတွေ လုပ်ဆောင်နေတဲ့အတွက် ဖမ်းဆီးခြင်းကနေ လွတ်မြောက်ဖို့ တက်ကြွလှုပ်ရှားသူတွေက တိမ်းရှောင်နေကြရတယ်၊ ၂၀၂၁ ခု ဒီဇင်ဘာမှာ မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီကြောင့် ကိုယ်ရောင်ဖျောက်နေရသူ အနည်း ၂၉ ဦးရှိပြီး တက်ကြွလှုပ်ရှားသူနဲ့ဆန္ဒပြသူ ၁၅၃ ဦးမှာလည်း  ထောင်ချခံလိုက်ရသလို ဖမ်းဆီးခံရမှုနဲ့ ထောင်ချခံရမှုအရေ အတွက်ဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေကြောင်းလည်း ဆိုပါတယ်။  

ဒါ့အပြင် စစ်အုပ်စုဟာ ပြည်သူတွေကို အကြမ်းဖက်ဖို့ သူတို့ကို ထောက်ခံတဲ့အဖွဲ့တွေကို ပိုပြီး အသုံးပြုကာ အကြမ်းဖျက်မှုတွေကို ကျူးလွန်လာနေကြောင်း၊ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်လာပြီး ပြည်သူတွေကို ဖမ်းဆီး၊ ငွေကြေးတောင်းခံနေတဲ့အတွက် တည်ငြိမ်မှုတွေ ပျက်ပြားခဲ့ကြောင်းလည်း ဆိုပါတယ်။ 

အာဏာသိမ်းပြီးနောက် နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နေရာဒေသတွေမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ပြည်သူတွေ တိုးပွားလာပြီး စစ်ရှောင်စခန်း ၉ ခုရှိ စစ်ဘေးရှောင် ဒုက္ခသည်အခြေအနေဟာလည်း စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်း ဆိုပါတယ်။ 

စစ်ဘေးဒုက္ခသည်တွေဟာ အကြောက်တရားလွှမ်းမိုးတာ၊ ရောဂါထူပြောတာ၊ ဆေးဝါးနဲ့ အစားအသောက် မလုံလောက်တာ၊ အမျိုးသမီး၊ ကလေးသူငယ်နဲ့  သက်ကြီးရွယ်တွေလည်း များစွာ ဒုက္ခရောက်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်မြင့်တက်လာပြီး မလုံခြုံမှုကြောင့် ပြည်သူတွေဟာ တောတောင်တွေနဲ့ နီးစပ်ရာ အိမ်နီးနားချင်း နိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရကာ စစ်အုပ်စုက ပစ်သတ်မှာကို ကြောက်ရွံတာ၊ မြေမြုပ်မိုင်း အန္တရာယ်ရှိတာတွေကြောင့် နေရပ်ကို ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မလုံခြုံမှုဟာ နိုင်ငံတဝန်းလုံးမှာ ဖြစ်ပွားနေပြီး လူမှုစီးပွားကဏ္ဍအထိ ရိုက်ခတ်လာကာ အဆိုးရွားဆုံး ထိခိုက်ခံစားသူတွေမှာ ပြည်သူတွေသာဖြစ်ပြီး နေရပ်စွန့်ခွာပြီး အိမ်နီးနားချင်း နိုင်ငံတွေမှာ ခိုလှုံနေရပေမဲ့ အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013