DVB Logo
Home
Lead Story
လုံခြုံမှုမရှိတဲ့ မြို့ရန်ကုန်
DVB
·
October 27, 2022
လုံခြုံမှုမရှိတဲ့ မြို့ရန်ကုန်
Donate to DVB

“ကိုရဲက အရမ်းတော်တာ။ မိသားစုကိုရော ညီမလေးကိုရော ဂရုစိုက်တယ်။ အသက်ပေးပြီး မိသားစုကို ရှာကျွေးသွားတာ”လို့ ကိုရဲဇော်ရဲ့ ညီမဖြစ်သူက ပြောပါတယ်။ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းက Delivery လိုက်ပို့တဲ့ ကိုရဲဇော်ကို အမည်မသိသူတွေက ဓားနဲ့ထိုးသတ်ပြီး ဖုန်းနဲ့ပိုက်ဆံ လုယက်ခဲ့ပြီး အခုချိန်ထိ တရား ခံဖမ်းမမိသေးဘူးလို့ ညီမဖြစ်သူက ဒီဗီဘီကိုပြောပါတယ်။

BeeXprss Courier Service Myanmar မှာ Delivery ပို့ဆောင်သူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ကိုရဲဇော်ဟာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာ နေထိုင်ပြီး မွေးချင်းလေးယောက် ရှိတဲ့အနက် တတိယမြောက်သားဖြစ်တယ်လို့ ညီမဖြစ်သူက ဒီဗွီဘီ ကိုပြောပါတယ်။

“မောင်နှမ လေးယောက်ရှိတယ်။ အစ်ကိုကြီးနဲ့ အစ်မကြီးက အိမ်ထောင်ကျသွားပြီ။ ကိုကြီးက အိမ်ထောင်မပြုသေးဘဲ ရန်ကုန်မှာ အလုပ်လုပ်ပြီး ညီမလေးကို ကျောင်းထားပေးနေတာ။ ကိုကြီးက ဘွဲ့ယူခါနီးပြီ အမေဆိုရင် ဖြစ်တဲ့နေ့ကစပြီး ထမင်းတောင် မစားနိုင်ဘူး” လို့ ရှင်းပြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ အခုလို လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး တရားခံတွေကို မမိတာကြာမြင့်နေပြီလို့ ရွှေပြည်သာမြို့ခံတစ်ဦးက ဒီဗွီဘီကို အခုလို ပြောပြပါတယ်။

“လုယက်မှုဆိုတာ အခုဆို ရိုးသွားပြီ ရွှေပြည်သာမှာဆို နေ့ရော ညပါ လုယက်မှုတွေဖြစ်နေတာ မဆန်းတော့ဘူး။ ရဲစခန်းတိုင်တော့လည်း မထူးဘူး။ အရေးယူမှုမရှိတော့ ဒုစရိုက်မှုတွေ ပိုပြီးပေါ်လာတယ်”လို့ ဆိုပါတယ်။ 

ရန်ကုန်ဟာ စက်ရုံအလုပ်ရုံများပြားပြီး လူဦးရေအထူထပ်ဆုံးမြို့တော် ဖြစ်တဲ့အပြင် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ နေ့စဉ် ခိုး၊ ဆိုး၊ လုယက်သူတွေရဲ့ ပစွည်းလုယက် သတ်ဖြတ်တာကို ခံနေရတာဖြစ်တယ်လို့ လှည်တန်းမှာ နေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဒီဗွီဘကို ပြောပါတယ်။

“မနက်ဘက် အလုပ်သွားရင် YBS အပေါ်မှာ အုပ်စုလိုက် ခါးပိုက်နှိုက် YBS ပေါ်မှာ နှိုက်မရခင် ကားအောက်အထိ လိုက်နှိုက်တယ်။ မြင်နေပေမဲ့ ဘယ်သူမှ မကူညီရဲဘူး”လို့ ပြောပါတယ်။ ဒီလို ရန်ကုန်မြို့ထဲကို အလုပ်သွားဆင်းတဲ့ ကုမ္ပဏီဝန်ထမ်းတွေကိုသာမက မြို့နယ်ဆင်ခြေဖုံးကနေ စက်မှုဇုန်တွေမှာ အလုပ်သွားလုပ်နေသူတွေကို လုယက်သူတွေက ရိုက်နှက်ပြီး ဖုန်းလု၊ ပိုက်ဆံလုတဲ့သူတွေလည်း ရှိတယ်လို့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတစ်ဦးက ဒီဗွီဘီကို ပြောပြပါတယ်။

“ညီမသူငယ်ချင်းဆိုရင် စက်ရုံက လစာထုတ်ပြီးပြန်လာတာ မျက်နှာကို ဖြတ်ရိုက်ပြီး လစာထုတ်တဲ့ အိတ်ကို လုတယ်။ ကောင်မလေးက ပြန်လုတော့ လက်ကို ဓားနဲ့ခုတ်သွားတယ်” လို့ ပြောပါတယ်။ စက်ရုံ အလုပ်ရုံတွေသာမက ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ ကယ်ရီသမားတွေကို ဆိုင်ကယ်လုယက် လူသတ်တဲ့အထိ ဖြစ်လာတယ်လို့ တောင်ဒဂုံမှာ နေထိုင်တဲ့ ကယ်ရီသမားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်ဦးလေး သုံးလမ်းဆုံကို ကယ်ရီပါသွားတာ။ ပြန်မလာလို့ စိတ်ပူလို့ လိုက်သွားတာ။ မတွေ့ဘူး။ နှစ်ရက်လောက်ကြာတော့ အင်းစိန်ဆေးရုံမှာ အလောင်းပြန်တွေ့တယ်။ ဓားနဲ့ထိုးပြီး ဆိုင်ကယ်ယူသွားတာ” လို့ ပြောပါတယ်။ 

နေ့စဉ် နေအိမ်ပြင်ပသို့ထွက်ကာ စီးပွားရှာနေရသူတွေသာမက အိမ်မှာနေထိုင်ရင်း အုပ်စုဖွဲ့ ဓားပြတိုက် လုယက်ခဲ့လို့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်

“အိမ်မှာနေလည်း ဝင်ပြီး အုပ်စုလိုက် ဓားပြတိုက်တာပဲ။ စက်ဆန်းဝန်ထမ်းအိမ်ရာထဲမှာ ဦးလေးဖြစ်သူနဲ့ တူမကို ရိုက်နှက်ပြီး လုသွားလို့ ရွှေတွေရော ငွေတွေ ပါသွားတယ်”လို့ သူက ပြောပါတယ်။ အုပ်စုဖွဲ့ လုယက်သူတွေကို ပြန်လည်ခုခံပါက အသက်သေတဲ့အဆင့်ထိ ကျူးလွန်လာပြီး လုယက်သူတွေကို ဖမ်းဆီးရမိတယ်ဆိုတာ မရှိဘူးလို့ သာကေတမြို့နယ် နေသူတဦးက ပြောပါတယ်။

“စစ်တပ် အုပ်ချုပ်တဲ့ကာလမှာ လုယက်မှုဘယ်လောက်ဖြစ်လဲဆိုတာ အသိသာကြီး။ Taxi ကားသမားတွေ ဘယ်လောက်အလုခံနေရလဲ ကျနော်အသိဆုံး ကျနော့်ဦးလေးဆိုရင် ဓားနဲ့ အထိုးခံရပြီးသေသွားတယ်၊ နောက်တယောက်ဆို ဆေးရုံတင်ရတယ်။ ကျနော် သိတာတောင် ကိုးယောက်လောက်ရှိပြီ” လို့ ပြောပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေအပြင် တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် အခြေခံလူတန်းစားတွေရဲ့ဘဝဟာ ဘေးကျပ်နံကျပ်ဖြစ်နေတယ်လို့ မြောက်ဒဂုံမြို့ခံတစ်ဦးက ကြုံတွေ့နေရတဲ့ အခက်အခဲကိုပြောပြပါတယ်။

“အလုပ်ကမရှိ ကုန်ဈေးနှုန်းကကြီး လုယက်မှုတွေကများ၊ ဥပဒေကမရှိတော့ ကြာရင် ထမင်းငတ်ပြီး သေနိုင်တယ်” လို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်းကို ခရိုင် ၁၄ ခု မြို့နယ် ၄၅ မြို့နယ်၊ မြို့ ၂၀၊ ရပ်ကွက် ၇၄၃၊ ကျေးရွာအုပ်စု ၆၁၉၊ ကျေးရွာ ၂၁၆၂ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ခန့်မှန်းသန်းခေါင်စာရင်းအရ လူဦးရေ ၈ ဒသမ၇ သန်းရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ ၄၅ မြို့နယ်ရှိတဲ့အနက် ကိုကိုးကျွန်းမြို့နယ်ကလွဲရင် ကျန် ၄၄ မြို့နယ်မှာ နေ့စဉ် လုယက်မှု၊ ခိုးမှု၊ ဓားပြတိုက်မှုတွေနဲ့ ကြုံနေရတယ်လို့ ဒဂုံဆိပိကမ်းနေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အရင်အစိုးရလက်ထက်က ညအချိန်မတော်သွားလို့ရတယ် အခုဆို ည ၈ နာရီဆို အပြင်မထွက်ရဲဘူး။ လူရှင်းတဲ့နေရာ မသွားရဲဘူး။ လုတာက တော်သေးတယ် ပစွည်းယူပြီး သတ်လိုက်မှာစိုးတာ”လို့ ပြောပါတယ်။

သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေလုပ်ကိုင်စားသောက်နေရသူတွေဟာ ဝမ်းဝရုံလောက်သာရမဲ့ ငွေကြေးအတွက် အသက်ဆုံးရှုံးခံပြီး ရုန်ကန်ရှာဖွေနေရပေမဲ့ လုယက်သူတွေကြောင့် အသက်ဆုံးရှုံးရတဲ့အခါ မိသားစုတွေမှာ ဦးတည်မဲ့ဖြစ်ရပါတယ်။ 

“ညီမကတော့ ညီမအစ်ကိုကို သတ်တဲ့သူတွေကို အမြန်ဆုံးဖမ်းပြီး ဥပဒေအရ အရေးယူ ပေးစေချင်တယ်။ ဒါပေမဲ့အခုချိန်ထိ ဘာသတင်းမရဘူး” လို့ ကိုရဲဇော်ရဲ့ ညီမဖြစ်သူက ပြောပါတယ်။

တချိန်က ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ မြို့ရန်ကုန်ရဲ့လမ်းတွေဟာ အခုဆိုရင် ချောက်ချားမှုတွေ၊ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ ပြည့်နှက်လို့နေပါတော့တယ်။

မြင့်မြတ်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013