DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ အရာတော်နှင့်မြင်းမူမြို့တို့က စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ
DVB
·
October 25, 2022
ဘုတလင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ အရာတော်နှင့်မြင်းမူမြို့တို့က စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဘုတလင်မြိုနယ်၊ မကျည်းအုပ်ကျေးရွာနားမှာ အောက်တိုဘာ ၂၅ ရက် မနက် ၈ နာရီက တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် NUG အစိုးရလက်အောက်ခံ ဘုတလင်ဗန္ဓုလတပ်ရင်း ၁ စခန်းကို လက်နက်ကြီးနဲ ပစ်ခတ်အပြီး အခုလို တိုက်ပွဲဖြစ်နေတာလို့ ဘုတလင်ဒေသခံ ပကဖခေါင်းဆောင်က တဦးက ပြောပါတယ်။

“သူတို့က ကျနော်တို့ စခန်းကို အရင် စ လာတိုက်လို့ တိုက်ပွဲဖြစ်နေတယ်။ အခုလည်း တိုက်ပွဲက မပြီးသေးဘူး။ ခုခံရသလောက် ခုခံရတယ်။ လက်နက် မပြည်စုံတော့ ဆုတ်ရတာပေါ့။ နှစ်ဖက် အထိခိုက်အကျဆုံးကတော့ တိုက်ပွဲ မပြီးသေးလို မသိရသေးဘူး။” 

အောက်တိုဘာလအတွင်း ဘုတလင်မြို့နယ်က ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို ရှင်းလင်းနေပြီး ဖမ်းဆီးမိတဲ့ PDF တပ်သားတွေကို ဒေသခံပြည်သူများရှေ့မှာ သတ်ပြကာ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ ရက်ပိုင်းကလည်း ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာနားက ဒေသခံပြည်သူကာကွယ်ရေးစခန်းတခုကို ဝင်ရောက်စီးနင်းကာ  PDF ၂ ယောက်ကို သတ်ဖြတ်ခဲ့ ပါတယ်။

အရာတော်မြို့ ခြေတော်ရာဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကို ပါဆယ်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ရာမှာ ၁ ယောက် သေဆုံးပြီး ၁ ယောက် အပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းက ခြေတော်ရာဘုရားနားကို စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် ဆိုင်ကယ်နဲ့ ရောက်ရှိလာစဉ် ပါဆယ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Burmese Farmers Defence Force မှ တာဝန်ရှိသူက  "သူတို့ လမ်းကြောင်းကို သတင်း အတိ အကျရ ထားလို့ ပါဆယ်မိုင်း ချခဲ့တာပါ။ ဆိုင်ကယ် မောင်းလာတဲ့ နှစ်ကောင်စလုံး ထိတာ။ တကောင်က မိုင်းကွဲတဲ့ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ တကောင်ကတော့ ဒဏ်ရာရတာ တော်တော်များတယ်။ ရဲဘော်တွေရဲ့ လုံခြုံရေးအရ နောက်ရက်မှ ထုတ်ပြန်နိုင်တာပါ " လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကင်းလှည့်တာနဲ့ အရာတော်မြို့အနှံ့ စစ်ဆေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အရာတော်မြို့နယ်မှာ အောက်တိုဘာ ၁၈ ရက်ကလည်း ဇရစ်ကျေးရွာမှ ကူးတို့ကိုင်း ကျေးရွာဘက်ကို စစ်ကြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၅ ယောက်ထက် မနည်းအပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွာမ နဲ့ နတ်ခရိုင်ကြားမှာ စစ်ကောင်စီယာဉ် ၃ စီးကို  အောက်တိုဘာ ၂၄ ရက် ညနေ ၅ နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကာ ၃ စီးဟာ အင်အား ၉၀ လောက်နဲ့ မြင်းမူမြို့ကနေ စစ်ကိုင်းမြို စစ်ကောင်စီတပ်မ ၃၃ တပ်ရင်းကို ပြန်ရင်း အခုလို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြင်းခြံ ZERO ပြောက်ကြားတပ်ဖွဲ တာဝန်ရှိသူ ကိုသက်ကြီးက “မြင်းမူကနေ စစ်ကိုင်းကို မိုင်းရှာရင်း ပြန်လာတာကို နှစ်နေရာကနေ တိုက်ခိုက်ခဲ့တာ။ မနက်က တကြိမ်၊ ညနေက တစ်ကြိမ်  ၂ ကြိမ် တိုက်ခိုက်ခဲ့တာ။ ကား ၃ စီးထဲက နောက်ဆုံးကားကို မိုင်း ၈ လုံး ဆွဲတိုက်ခိုက်ခဲ့တာ။ ၇ ကောင်တော့ နေရာတင် သေတယ်။ ၁၇ကောင်ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်ဆိုတာ အုန်းတောသတင်းပေးက ပြောလို့ သိထားရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက တိုက်ပွဲတိုင်းမှာကျဆုံးတဲ့ စစ်သားအရေအတွက်ကို သတင်းထုတ်ပြန်လေ့ မရှိသလို သီးခြားအတည် မပြုနိင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013