DVB Logo
Home
မြန်မာသတင်း
မြန်မာငွေတန်ဖိုးကျပြီး အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၃၀၀၀ အထက် ပြန်ရောက်လာ
DVB
·
October 24, 2022
မြန်မာငွေတန်ဖိုးကျပြီး အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၃၀၀၀ အထက် ပြန်ရောက်လာ
Donate to DVB

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ်  ကြေညာပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၃၀၀၀ အထက်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ထိ ပြင်ပဒေါ်လာစျေးကွက်မှာ ၁ ဒေါ်လာကို ၂၉၀၀ ဝန်းကျင်မှာပဲ စျေးငြိမ်နေခဲ့ပေမဲ့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ်  ကြေညာပြီးနောက် အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး နိုင်ငံခြားငွေစျေးကွက်မှာ စျေးမတည်မငြိမ်မှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ 

အွန်လိုင်း လေပေါ်စျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၆၀၀၀ အထိ ဖြစ်ပေါ်ခဲ့ပေမဲ့ အမှန်တကယ် ပြင်ပစျေးကွက် အတွင်းမှာတော့ အမေရိကန် ၁ ဒေါ်လာကို ၃၂၀၀ကျပ် ဝန်းကျင်မှာပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။

ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတဦးက “လိုင်းပေါ်မှာသာ  ၁ ဒေါ်လာကို ၅၀၀၀၊ ၆၀၀၀ အသံထွက်နေတာ။ ဒီနေ့ ကျနော်ရောင်းဖို့စုံစမ်းတော့ ၁ ဒေါ်လာကို ၃၀၀၀၊ ၃၂၀၀ ဝန်းကျင်မှာပဲရှိတယ်”  လို့ ပြောပါတယ်။

အလားတူ ပြင်ပဒေါ်လာစျေး နဲ့ တွက်ချက်ရောင်းချတဲ့ ပြည်တွင်းအခေါက်ရွှေစျေးကလည်း  ဒီကနေ့မွန်းလွဲပိုင်းမှာ ၁ ကျပ်သားကို ၂၇ သိန်း ဝန်းကျင်ထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၁ ရက်နေ့က ၁ ကျပ်သားကို ၂၅ သိန်း ၇ သောင်း ဝန်းကျင်မှာပဲရှိခဲ့ပေမဲ့ ၃ ရက်အတွင်း ကျပ် ၁ သိန်းကျော် ပြန်လည် မြင့်တက်လာပါတယ်။

နိုင်ငံခြားငွေစျေးကွက်မှာ ဒေါ်လာနဲ့အပြိုင် ထိုင်းဘတ်ငွေစျေးလည်း လိုက်ပါမြင့်တက်လာပါတယ်။ မြဝတီနယ်စပ် ငွေလဲစျေးကွက်မှာ ပြီးခဲ့တဲ့ တပတ်က  မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၁၃၄၀ ဘတ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာကနေ ဒီနေ့မှာဆိုရင်  မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၁၃၁၀ ဘတ်သာရှိပြီး မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာပါတယ်။

လက်ရှိမှာတော့ ဘတ်စျေးအပေါ်မှုတည်ပြီး ထိုင်းနိုင်ငံက တင်သွင်းတဲ့ အလှကုန်၊ အဝတ်အထည်၊ ဖိနပ်စတဲ့ လူသုံး ကုန်ပစ္စည်းတွေ စျေးအနည်းငယ် လိုက်ပါမြင့်တက်နေပါတယ်။

ပြည်ပကနေ ဒေါ်လာနဲ့  ဝယ်ယူတင်သွင်းရတဲ့ စားအုန်းဆီကလည်း (FATF) ရဲ့ ကြေညာချက်ထွက်ပေါ်အပြီး  ဒေါ်လာစျေး ဂယက်နဲ့အတူ ၁ ပိဿာကို ကျပ် ၉၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ ရန်ကုန်လက်လီစျေးကွက်မှာ ၁ ပိဿာကို ၇၇၀၀ကနေ ၈၀၀၀ ကျပ်အကြား ပြန်လည်စျေးချပြီး အရောင်းအဝယ် ဖြစ်နေပါတယ်။ 

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ FATF ရဲ့ အမည်ပျက်စာရင်း သွင်းခံရပေမဲ့ စိုးရိမ်စရာအခြေအနေမဟုတ်ကြောင်း၊ အဲဒီစာရင်းက အမြန်လွတ်မြောက်ဖို့  လာမယ့် တနှစ်အတွင်းဆောင်ရွက်မယ့် Action Plan တွေ  ရေးဆွဲထားပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013