
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို ဆက်လက်ကျင့်သုံးသွားမယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဩဂုတ် ၁၉ ရက်မှာ ဖော်ပြပါတယ်။
မဟာမိတ်နှစ်နိုင်ငံရဲ့ အူလ်ချီ ဖရီးဒမ်းမ် ရှီးလ်ဒ် (UFS) စစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေကို မြှင့်တင်ပေးနေတယ်လို့ KCNA ဝေဖန်ရေး ဆောင်းပါးမှာ ပြစ်တင် ရေးသားထားပါတယ်။
ဆောင်းပါးထဲမှာ ၁၀ ရက်ကျော်ကြာ ပြုလုပ်မဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားစစ်တပ်နဲ့ တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်တွေအပြင် ဒေသပြင်ပက စစ်ကူတပ်တွေနဲ့ 'ကုလသမဂ္ဂ စစ်ဌာနချုပ်' အဖွဲ့ဝင်နိုင်ငံတပ်တွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကြည်း၊ ရေ၊ လေ၊ အာကာသ၊ ဆိုက်ဘာနဲ့ စိတ်ဓာတ်စစ်ဆင်ရေး အပါအဝင် စစ်ပွဲဆိုင်ရာ နယ်ပယ်အားလုံးကို လွှမ်းခြုံထားတဲ့ ဒီလို အလွန်အကျူး လေ့ကျင့်မှုတွေဟာ ကိုရီးယားကျွန်းဆွယ် တင်းမာမှုကို စစ်ပွဲဖြစ်ပွားခါနီး အခြေအနေအထိ ထပ်မံတွန်းပို့နေတာလို့လည်း စွပ်စွဲထားပါတယ်။
နှစ်စဉ်ပြုလုပ်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်ရဲ့ ပါဝင်မှုကို “အတော်အတန် လျှော့ချဖို့” သမ္မတ ဒေါ်နယ်ထရမ့်ပ်က ညွှန်ကြားခဲ့ပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အနီးစပ်ဆုံး တဝက်မက လျှော့ချသွားဖို့ မျှော်လင့် ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ပြောပါတယ်။
ဩဂုတ် ၁၇ ရက် ကတည်းက စတင်ခဲ့တဲ့ အူလ်ချီ ဖရီးဒမ်းမ် ရှီးလ်ဒ် (UFS) စစ်ရေးလေ့ကျင့်မှုကို အစပိုင်းက နောက်အပတ်အထိ ဆက်လက်ပြုလုပ်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Source: Reuters











