
ပစ်ခတ်တိုက်ခိုက်မှုတွေဆက်ရှိပေမဲ့ အမေရိကန်နဲ့ အီရန်တို့ဟာ ဆွေးနွေးမှုတွေ ဆက်ပြီး ပြုလုပ် နေသလို အပစ်ရပ်စဲရေးလည်း ဆက်ပြီးရှိနေမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်နဲ့ အီရန်တပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိပေမဲ့ အပစ်အခတ်ရပ်စဲရေးက ဆက်ပြီးရှိနေမှာ ဖြစ်တယ်လို့ ထရမ့်ပ်က ပြောတာပါ။
ဝါရှင်တန်မှာရှိတဲ့ လင်ကွန်းအမှတ်တရ ရေကန်ပြင်ဆင်မှုတွေကို လာကြည့်ချိန် သတင်းထောက် တွေကို အီရန်အရေးနဲ့ပတ်သက်ပြီး ထရမ့်ပ်က ပြောခဲ့တာပါ။
ထရမ့်ပ်က “ဒီနေ့သူတို့ ကျနော်တို့ကို မဆိုသလောက် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပေမဲ့ သူတို့ကို မောင်းထုတ်နိုင်ခဲ့ပါတယ်။ အီရန်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပြုရေးနဲ့ပတ်သက်ပြီး လုံးဝ အခွင့်အရေးမရှိပါဘူး။ ဒါကို သူတို့ သိပါတယ်။ ဒီလိုဖြစ်ရမယ်ဆိုတာ သူတို့ သဘောတူရမှာပါ။ လက်မှတ်ထိုးဖို့ သူတို့ ဆန္ဒရှိမလားဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ပြောပါတယ်။
အီရန်နဲ့ အမေရိကန်တပ်တွေ ဟော်မုဇ်ရေလက်ကြားမှာ မနေ့ကအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘယ်သူက အရင်ပစ်ခတ်တာလဲဆိုတာ မရှင်းလင်းပါဘူး။
အမေရိကန်ဟာ အီရန်ရဲ့ ဆီတင်သင်္ဘောနဲ့ ဟော်မုဇ်ရေလက်ကြားကို ချင်းကပ်လာတဲ့ တခြား သင်္ဘောတွေနဲ့ ကမ်းခြေနေရာအများစုကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အီရန်စစ်ဘက် ထိပ်တန်းအရာရှိက စွပ်စွဲထားပါတယ်။
အမေရိကန်ဘက်တော့ ဒီလို တိုက်ခိုက်တာဟာ အီရန်တိုက်ခိုက်မှုကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှု အဖြစ် ပြန်လည်တိုက်ခိုက်ခဲ့မှုသာ ဖြစ်တယ်လို့ အမေရိကန် ဆိုပါတယ်။
Source:Reuters











