DVB Logo
Home
Lead Story
ကျားသေကို အသက်သွင်းလို့ရရိုးလား
DVB
·
October 16, 2022
ကျားသေကို အသက်သွင်းလို့ရရိုးလား
Donate to DVB

စစ်ရေးထဲ ပိတ်မိနေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်ရဖို့ နယ်ရုပ်လေးတရုပ်ကို စရွှေ့လိုက်ပါပြီ။ ရွှေ့ကွက်ကတော့ လက်မရွံ့ ဦးခင်ရီကို ကြံ့ဖွံ့ပါတီရဲ့ ဥက္ကဋ္ဌထိုင်ခုံမှာ လွှဲပြောင်းထိုင်စေလိုက်တာပါပဲ။ မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ လက်မရွံ့ ဦးခင်ရီ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌနေရာ ရယူတဲ့ဖြစ်စဉ်ဟာ ပါတီရဲ့ ဘယ်ဗဟိုအလုပ်အမှုဆောင်ကမှ ကန့်ကွက်တားဆီးရဲတဲ့ကိစ္စ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ဒီလို အေးဆေးညင်သာ လွှဲပြောင်းပေးလို့ မသင့်ဘူးဆိုတာကို စစ်ခေါင်းဆောင်တသိုက်က နားလည်ပါတယ်။ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲနဲ့ ပါတီနိုင်ငံရေး လမ်းကြောင်းဖွင့်ဖို့၊ ပွဲဆူအောင်လုပ်ဖို့၊ နှပ်ကြောင်းပေးဖို့ လိုတယ်မဟုတ်လား။ ဒီတော့ လက်မရွံ့ ဦးခင်ရီကပဲ ဥက္ကဋ္ဌ သန်းဌေးဆီက ရာထူးလုယူသလိုလိုဖြစ်အောင် ပါတီညီလာခံ မတိုင်မီမှာ ယာယီဥက္ကဋ္ဌအဖြစ် ပွဲဆူ ထိုးဇာတ်ခင်းတော့တာပါပဲ။ ကွဲတယ်၊ ပြဲတယ်၊ နေရာလုတယ်ဆိုမှ အတိုက်အခံမီဒီယာတွေကပါ အာရုံစိုက်လာပြီး လူထု သတိထားမိလာအောင် ရေးကြ၊ ပြောကြ၊ ဝေဖန်ကြမယ်မဟုတ်လား။ ဒါ့ကြောင့် ပါတီရဲ့ အထွေထွေညီလာခံမတိုင်ခင် ရက်ပိုင်းအလိုလေးမှာပဲ ခင်ရီက သန်းဌေးဆီက ရာထူးလုသယောင်ယောင် ထိုးဇာတ်ခင်းတာပါ။

လက်မရွံ့ ဦးခင်ရီလို့ သုံးနှုန်း ပြောဆိုကြတာက သူဟာ မဘသနဲ့ မျိုးစောင့်အဖွဲ့တို့လို အစွန်းရောက်အဖွဲ့တွေ ဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်လေ့ရှိသူမို့ပါ။ ဦးခင်ရီ ဘယ်လိုလူလဲဆိုတာကို ဦးသိန်းစိန်ရဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက “ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ” ဆိုတဲ့စာအုပ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ လက်မရွံ့ ဦးခင်ရီ စီစဉ်တဲ့ တပ်ထောက်ခံပွဲတွေဟာ စုစုပေါင်း ၂၂ ခုအထိ ရှိခဲ့ပြီး အာဏာမသိမ်းမီက ၁၁ ခုနဲ့ အာဏာသိမ်းပြီးနောက် ၁၁ ခုဖြစ်တယ်လို့ ဦးစိုးသိန်းက ရေးသားထားတာပါ။ လက်မရွံ့ ဦးခင်ရီရဲ့ တပ်ထောက်ခံပွဲတွေဟာ လမ်းသွားလမ်းလာတွေကို စော်ကားရိုင်းပြတာ၊ မီဒီယာသမားတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ၂၀၀၈ ခြေဥကို ဝေဖန်ခဲ့တဲ့ ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာလည်း လက်မရွံ့ ဦးခင်ရီရဲ့ ပါဝင်ပတ်သက်မှုလည်း ရှိခဲ့မယ်လို့ မှန်းဆရပါတယ်။

ဒီလို ရာထူးနဲ့ အာဏာအတွက်ဆိုရင် ဘာမဆိုလုပ်ဝံ့သူကို မင်းအောင်လှိုင်က လိုလားတာ သေချာပါတယ်။ ဒါ့ကြောင့်လည်း အာဏာသိမ်းပြီးပြီးချင်းပဲ ဦးခင်ရီကို လဝကဝန်ကြီးအဖြစ် ဆွဲခန့်ခဲ့တာပါ။ ရွေးကောက်ပွဲလမ်းကြောင်းကို ဦးတည်တဲ့အခါမှာတော့ ချက်ချင်းပဲ ပါတီဥက္ကဋ္ဌအဖြစ် အသွင်ပြောင်းစေပြန်ပါတယ်။ ဦးသန်းဌေးလို ပျော့ညံ့သူထက် အမာစား ဦးခင်ရီကသာ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်အောင် ဒရွတ်ဆွဲ တိုးဝံ့မယ့်သူလို့ စစ်ကောင်စီက ရှုမြင်ပုံရပါတယ်။

တတိတိနဲ့ ပျက်ကြွေနေတဲ့ စစ်တပ်အင်အားနဲ့ လုပ်နိုင်စွမ်းကိုလည်း ဦးခင်ရီ ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီက အထောက်အပံ့ ပြုပေးနိုင်လိမ့်မယ်လို့လည်း မျှော်မှန်းထားပုံရပါတယ်။ တနည်းအားဖြင့်ပြောရရင် အရပ်သား အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းစေတာပါပဲ။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကြံ့ဖွံ့ပါတီကလည်း စိမ်းလှတယ်မဟုတ်ပါဘူး။ ပါတီအမည်မခံရသေးဘဲ လူမှုရေးအသင်းကြီးအဖြစ် ပန္နက်တည်နေစဉ်ကတည်းက လက်ယဉ်နေပြီလို့ ပြောရမှာပါ။ ၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာအနီးမှာ ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်မှုမှာ စစ်တပ်က ကျောထောက်နောက်ခံပြုပြီး ကြံ့ဖွံ့က ကမကထပြုခဲ့တာပဲ ဖြစ်ပါတယ်။

တကယ်တော့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ စစ်တပ်အတွက် အမြော်အမြင်ရှိရှိနဲ့ ကြံ့ဖွံ့ကို တည်ဆောက်ယူခဲ့တာပါပဲ။ ၁၉၉၃ ခုနှစ်မှာ လူမှုရေးအသင်းကြီးနဲ့ သန္ဓေယူစေပြီး ၁၉၈၈ အရေးတော်ပုံမှာ စစ်တပ်ပြုကျင့်ခဲ့တဲ့ အဓမ္မမှုတွေကို လူငယ်တွေ မျက်ခြည်ပြတ်သွားအောင် ကြံ့ဖွံ့အသင်းနဲ့ မျိုးဆက်ဖြတ်ဖို့ ရည်စူးခဲ့တာပါ။ ၁၉၉၃ ခုနှစ်က စဖွဲ့ခဲ့တဲ့ ကြံ့ဖွံ့အသင်းကို နှစ်ရှည်လများ ပြုစုပျိုးထောင်အပြီး ၁၆ နှစ်ကျော်အကြာ ၂၀၀၉ ခုနှစ်ရောက်မှ ပါတီအဖြစ် အသွင်ပြောင်းစေခဲ့ပါတယ်။ ကြံ့ဖွံ့ရဲ့ Brainwash လုပ်မှုကြောင့် လူငယ်တချို့ဟာ စစ်တပ်ကို ယုံကြည်လက်ခံ အားကိုးမှု ရှိလာခဲ့တာကလည်း အရှိပကတိတရားပါပဲ။

ဒါပေမဲ့လည်း မင်းအောင်လှိုင်ရဲ့ အာဏာငမ်းဖမ်းမှုကြောင့် တတိယမ္ပိ အာဏာသိမ်းလိုက်တဲ့ အခါမှာတော့ ဦးသန်းရွှေ ရည်ရွယ်ချက်ကြီးကြီးနဲ့ စစ်တပ်ကိုသာ အားထားရာအဖြစ် ပုံဖော်ပေးနေတဲ့ ကြံ့ဖွံ့ယန္တရားကြီး ပျက်စီးသွားခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ အသက်သုံးဆယ်အောက် လူငယ်တွေဟာ မြန်မာစစ်တပ်ရဲ့ ဆိုးရွားရက်စက် ယုတ်မာပုံတွေကို တကျော့ပြန် မြင်တွေ့ခွင့် ရသွားကြပါတော့တယ်။ တချိန်က ကြံ့ဖွံ့ပါတီထဲမှာ တက်ကြွခဲ့တဲ့ လူငယ်တချို့တောင် မင်းအောင်လှိုင် စစ်တပ်ရဲ့ ရက်စက်မှုဒဏ်ကို ခါးစည်းခံထားကြရပါတယ်။ အနီသော အစိမ်းသော မခွဲဘဲ လက်နက်မဲ့ ပြည်သူမှန်သမျှရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတတ်တဲ့ စစ်တပ်ရဲ့သဘောကို ကြံ့ဖွံ့ပါတီဝင်တွေပါ စောကြောမိကုန်ကြပါပြီ။ အထူးသဖြင့် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲမှာ ကြံ့ဖွံ့လူငယ်တချို့ကပါ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေကြပါတယ်။

မင်းအောင်လှိုင်စစ်တပ်ရဲ့ ရမ်းကားမှုတွေကြောင့် ကြံ့ဖွံ့ပါတီရဲ့ ရပ်ကွက်၊ ကျေးရွာအဆင့် ပါတီလူကြီးတွေကလည်း ပါတီကို စွန့်ခွာနေကြတာကလည်း အရှိပကတိတရားပါပဲ။ စစ်တပ်က အကာအကွယ်ပြုပေးနိုင်တဲ့ ခရိုင်အဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် ပါတီလူကြီးတွေလောက်ပဲ ရုပ်ပြအဖြစ် ကျ‌န်နေတာပါ။ ကြံ့ဖွံ့ဆိုတဲ့ ကျားကတော့ သေနေပါပြီ။ သေတာမှ ခေါင်းပိုင်းလောက်သာ ကျန်တော့တဲ့ ကျားသေဖြစ်နေတာပါ။ ဒီကျားသေကို လက်မရွံ့ ဦးခင်ရီကပဲ ပြန်အသက်သွင်းနိုင်မလား၊ ကျန်နေတဲ့ ခေါင်းပိုင်းပါ ပျောက်ကွယ်သွားမလား ဆိုတာကိုတော့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်လက် စောင့်ကြည့်ကြရပါဦးမယ်။

စောအဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013