DVB Logo
Home
မြန်မာသတင်း
နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော်လျော့ကျ
DVB
·
October 4, 2022
နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော်လျော့ကျ
Donate to DVB

၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် ဧပြီကနေ စက်တင်ဘာလအတွင်း ရှိခဲ့တဲ့ နယ်စပ်ကုန်သွယ်မှု ပမာဏကို ပြီးခဲ့တဲ့ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော် လျော့ကျခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်းမှာ ပို့ကုန်၊ သွင်းကုန် နယ်စပ်ကုန်သွယ်မှု ပမာဏ စုစုပေါင်းက အမေရိကန်ဒေါ်လာ ၃၇၇၂ သန်းကျော်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် ဧပြီကနေ စက်တင်ဘာလအတွင်းမှာတော့ အမေရိကန်ဒေါ်လာ သန်း ၃၉၀၀ ကျော်ရှိခဲ့တာကြောင့် ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော် လျော့ကျခဲ့ပါတယ်။

ပို့ကုန်ကဏ္ဍမှာ ၁၈၆ သန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပေမဲ့ သွင်းကုန်ကဏ္ဍမှာ သန်း ၃၂၀ ကျော် လျော့နည်းကျဆင်းနေတာပါ။

စစ်ကောင်စီရဲ့ ဒေါ်လာငွေလဲနှုန်းဆိုင်ရာ ကန့်သတ်ချက်တွေ၊ စီးပွားရေးမူဝါဒ အပြောင်းအလဲတွေဟာ ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိနေတာဖြစ်တယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့်သူတွေက သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက သွင်းကုန်တွေအပေါ် မူဝါဒနဲ့ ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့  အဓိက ကုန်သွယ်နေတာပါ။ အရင်က တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုဟာ ပမာဏအများဆုံးဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုက စုစုပေါင်းကုန်သွယ်မှုရဲ့ ၆၅ ရာခိုင်နှုန်းကျော် ရှိလာပါတယ်။

အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း  မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂၄၈၅ သန်းကျော်ထိ ရှိခဲ့ပြီးတော့ အရင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် ၁၇၃ သန်းကျော် ပိုမိုတိုးတက်မှု ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုက ၁၁၇၁ သန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်မှုက ၁၅ သန်းကျော်၊ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုက ကန်ဒေါ်လာ  ၉ သန်းကျော် အသီးသီး ရှိခဲ့ပါတယ်။

တရုတ်နဲ့ ကုန်သွယ်မှုမှာ  အရင်ဘဏ္ဍာနှစ် ကာလတူနဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၁၅၇ သန်းကျော် လျော့နည်းခဲ့ပြီး၊ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုမှာ ဒေါ်လာ သန်း ၃၀ ကျော် လျော့ကျခဲ့ပါတယ်။ 

ဒါပေမဲ့ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုက ၁၇၃ သန်းကျော် ပိုများလာပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်မှုကလည်း ဒေါ်လာ ၅သန်းကျော် တိုးတက်မှုရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013