DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတင်ရက် နောက်ထပ် ၁ လထပ်တိုး
DVB
·
September 29, 2022
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတင်ရက် နောက်ထပ် ၁ လထပ်တိုး
Donate to DVB

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တင်လိုသူတွေအတွက် လျှောက်လွှာတင်ခွင့်ကို တလထပ်တိုးပေးလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာပါတယ်။

အခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတွေကို မူလက စက်တင်ဘာ ၃၀ ရက်အထိပဲ တင်ခွင့်ပေးမယ်လို့ သတ်မှတ်ထားရာမှ ဝေးလံဒေသတွေက ကျောင်းသားကျောင်းသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ လျှောက်လွှာမတင်သွင်းနိုင်သေးတဲ့ ကျောင်းသားကျောင်းသူတွေ အဆင်ပြေစေဖို့အတွက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာလက်ခံတာကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းသားတွေက စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ခဲ့တာကြောင့်   တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတဲ့ အရေအတွက်ဟာ ပုံမှန်နှစ်တွေကထက် ၃ ပုံ ၁ ပုံအထိ လျော့ကျသွားခဲ့ပါတယ်။ 

အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးသူနဲ့ အသစ်ဖြေဆိုသူ အရေအတွက် ၉ သိန်းဝန်းကျင်လောက် လျှောက်ထားမှုရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ၃ သိန်း ဝန်းကျင်လောက်ပဲ ဖြေဆိုခွင့်လျှောက်လွှာ တင်ခဲ့တယ်လို့ စာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူ ၂ သိန်း ၈ သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁ သိန်း ၃ သောင်းကျော် အောင်မြင်ကာ ထက်ဝက်လောက်က ကျရှုံးခဲ့ကြပါတယ်။

အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးတကြိမ်အဖြစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့မှာတော့ စစ်ကောင်စီက ပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဘယ်လိုကျင်းပပေးမယ်ဆိုတာနဲ့ လုံခြုံရေးအရ ကျင်းပနိုင်မယ့် အခြေအနေတွေကို စစ်ကောင်စီ ပညာရေးဌာနက ကြေညာထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013