DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့နယ် ဂျိုင်သာရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် အဓမ္မဖယ်ရှား
DVB
·
September 29, 2022
သံတွဲမြို့နယ် ဂျိုင်သာရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် အဓမ္မဖယ်ရှား
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိုင်သာကျေးရွာကို စက်တင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ လာရောက်ဖယ်ရှားပြီး အိမ်တွေကို အဓမ္မဖြိုချခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်သား၊ ရဲသား၊ မီးသတ်၊ ကြက်ခြေနီတွေ၊ အလုပ်သမားတွေနဲ့ စက်ယန္တရားတွေနဲ့လာပြီး အိမ်တွေကို ဖြိုဖျက်ဖယ်ရှားနေကြတာလို့ ကျေးရွာသားတယောက်က ပြောပါတယ်။

“မနေ့က တပ်မမှူးက ရောက်လာပြီး ရွာသားတွေနဲ့ ဆွေးနွေးခဲ့တာတွေ ရှိခဲ့သေးတယ်။ အဲဒီအခါ အင်အားသုံးပြီး ဖြိုဖျက်မယ်လို့လည်း မပြောခဲ့ဘူး။ ညနေ ၇ နာရီလောက်တော့ ရွာကို အင်အားအလုံးအရင်းနဲ့ လာဖြိုမယ်ဆိုပြီး အတွင်းသတင်းတွေ ရတယ်။ ဒီမနက်ပိုင်းကျတော့ စစ်သား၊ ရဲ၊ မီးသတ်၊ ဌာနပေါင်းစုံကလူတွေ အလုပ်သမားတွေနဲ့ စက်ယန္တရားယူပြီးတော့ ရောက်လာပြီး ပစ္စည်းတွေယူဖို့ အချိန် ဆယ်မိနစ်ပေးမယ် ဆိုပြီးတော့ ပြောတယ်။ ပစ္စည်းတွေတောင် ယူလို့ မပြီးကြသေးဘူး၊ သူတို့ စပြီးတော့ ဖြိုကြတော့တယ်။ အခု အိမ်တွေ၊ ခြံတွေ၊ ကြက်ခြံ၊ ဝက်ခြံကအစ ဖြိုဖျက်သွားကြတယ်” လို့ ပြောပါတယ်။

လက်ရှိ အဲဒီဂျိုင်သာကျေးရွာသားတွေဟာ နီးစပ်ရာရွာတွေမှာ ကပ်ခိုနေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အခုဖယ်ရှားခံလိုက်ရတဲ့ ဂျိုင်သာကျေးရွာဟာ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် ၂၇ မိုင်ခန့်အကွာက ပင်လယ်ကမ်းစပ်မှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြတာဖြစ်ပြီး အိမ်ခြေ ၃၀ ကျော် လူဦးရေ ၂၀၀ နီးပါး နေထိုင်ကြတာ ဖြစ်ပါတယ်။

အဲဒီရွာကို စစ်ကောင်စီက ရေတပ်ပိုင်မြေဆိုပြီး ၂၀၁၈ ခုနှစ်ကတည်းက ရွှေ့ပြောင်းပေးဖို့ ရွာသားတွေကို အသိ​ပေးလာတယ်လို့ ဆိုပါတယ်။

အဲဒီနောက် အခုနှစ် သြဂုတ်လအတွင်းက စီမံကိန်းရှိတယ်ဆိုပြီး အတင်းရွှေ့ခိုင်းပြီး ရွာနဲ့ ၄ မိုင်လောက်ဝေးတဲ့ နေရာမှာ အစားထိုးမြေပေးလာတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဘာစီမံကိန်း ဆိုတာကိုလည်း ရွာသားတွေ သိခွင့်မရဘူးလို့ ဆိုပါတယ်။

ရွာသားတွေဟာ ပင်လယ်မှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း နေကြရတာကြောင့် အဲဒီနေရာသစ်ကို ပြောင်းရွှေ့လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတာကြောင့် မပြောင်းရွှေ့တာလို့ ရွာသားတယောက်က ပြောပါတယ်။

“ရွာကို စစ်တပ်က ရွာနဲ့ ၄ မိုင်လောက်အကွာမှာ ​ရွှေ့ပြောင်းနေထိုင်ရမယ်ဆိုပြီး ပြောတယ်။ ကျနော်တို့က ပင်လယ်ကို မှီခိုပြီး လုပ်စားနေကြရတာ။ အဲဒီနေရာရွှေ့သွားရင် ဘယ်လိုမှ အဆင်မပြေတာကြောင့် ဒီမှာ လာဖြိုကြရင်လည်း ဖြိုဆိုပြီး နေကြတာပါ။ အခု သူတို့က အင်အားသုံးပြီး လာဖြိုဖျက်ကြတော့ အနီးအနားကရွာမှာ လောလောဆယ် အဆင်ပြေသလို ​ရွှေ့ပြောင်းနေထိုင်နေကြရတယ်။”

ဂျိုင်သာကျေးရွာကို ၁၉၇၆ ခုနှစ်ကတည်းက ဒေသခံတွေက အခြေချ ရွာတည်ကာ နေထိုင်ကြတာ ဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာမှ စစ်တပ်က ရေတပ်ပိုင်မြေဆိုပြီး သတ်မှတ်လာတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဂျိုင်သာရွာကို ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီရဲ့ သတိပေးစာမှာ နိုင်ငံတော်အစိုးရ၊ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရဘဲ တဆင့်ငှားရမ်းတာ၊ အစိုးရရဲ့ အိမ်ဥပစာမှာ နေထိုင်ခဲ့ပြီး လိုက်နာရမယ့် စည်းကမ်းချက်တွေကို မလိုက်နာတာ၊ အစိုးရအိမ် ဥပစာမှာ ခွင့်ပြုချက်မရဘဲ နေထိုင်နေတာလို့ ယူဆတာကြောင့် ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာအရ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ-၃ အရ ဖယ်ရှားတာလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013