
မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံနှင့် ကီလိုမီတာ ထောင်ပေါင်းများစွာဝေးကွာသော ဂျာမနီနိုင်ငံတွင် လူတစုသည် မေးခွန်းတခုနှင့် ရင်ဆိုင်ခဲ့ရသည်။
“ဝေးကွာနေသော်လည်း မြန်မာပြည်သူများ၏ အသံကို မည်သို့ ဆက်လက်ကြားစေနိုင်မည်နည်း” ဆိုသည့် မေးခွန်းဖြစ်သည်။
ထိုမေးခွန်းမှ စတင်ခဲ့သည့် ကြိုးပမ်းမှုများသည် နောက်ပိုင်းတွင် German Solidarity Myanmar (GSM) ဟုခေါ်သည့် အဖွဲ့အစည်းတခုအဖြစ် ပုံဖော်လာခဲ့သည်။ အစပိုင်းတွင် ယင်းသည် ဂျာမနီရှိ မြို့များစွာတွင် ပေါ်ပေါက်လာခဲ့သော ဆန္ဒပြပွဲများနှင့် လူထုလှုပ်ရှားမှုများသာ ဖြစ်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုလှုပ်ရှားမှုများသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။
လမ်းပေါ်တွင် ဆန္ဒပြခြင်းသာမက၊ နိုင်ငံရေးဆွေးနွေးပွဲများ၊ သုတေသနအခြေပြု အချက်အလက် မျှဝေမှုများနှင့် ဂျာမနီနိုင်ငံရေးအသိုက်အဝန်းထံ မြန်မာ့အရေးကို တင်ပြသည့် လုပ်ငန်းများအဖြစ် ပြောင်းလဲလာခဲ့သည်။
ဂျာမနီတွင် မြန်မာနိုင်ငံသည် လူအများနှင့် ရင်းနှီးကျွမ်းဝင်သည့် နိုင်ငံတနိုင်ငံတော့ မဟုတ်ပေ။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်း၊ တိုင်းရင်းသားပဋိပက္ခများနှင့် စစ်တပ်၏ အခန်းကဏ္ဍတို့သည် ဂျာမန်လူထုအတွက် နားလည်ရန် ရှုပ်ထွေးနိုင်သော အကြောင်းအရာများ ဖြစ်သည်။
GSM အတွက် ပထမဆုံးစိန်ခေါ်မှုမှာ ထိုရှုပ်ထွေးသော အခြေအနေကို ရှင်းလင်းအောင် ပြောပြရန် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးသုံးသပ်ချက်များ ထုတ်ပြန်သည်။ ဆွေးနွေးပွဲများ ပြုလုပ်သည်။ နိုင်ငံရေးသမားများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။ ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ မြန်မာ့အရေးကို ကမ္ဘာ့သတင်းစီးဆင်းမှုထဲမှ ပျောက်ကွယ်မသွားစေရန် ဖြစ်သည်။ GSM ၏ လုပ်ဆောင်မှုများကို ဆန္ဒပြပွဲများနှင့်သာ ချိတ်ဆက်ကြည့်၍ မရပေ။
သူတို့သည် ဂျာမန်ဖက်ဒရယ်လွှတ်တော် (Bundestag) အဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံအခြေအနေများကို တင်ပြခဲ့သည်။ စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးကွန်ရက်များအပေါ် နိုင်ငံတကာဖိအားများ တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။
GSM အတွက် နိုင်ငံရေးဆုံးဖြတ်သူတဦးနှင့် ပြုလုပ်သည့် ဆွေးနွေးမှုတကြိမ်သည်လည်း အရေးကြီးသည်။ အကြောင်းမှာ ထိုဆွေးနွေးမှုများမှတဆင့် မြန်မာပြည်သူများ၏ အသံသည် နိုင်ငံရေးဆုံးဖြတ်ချက်များဆီသို့ ရောက်ရှိနိုင်သောကြောင့် ဖြစ်သည်။
၎င်းတို့၏ လုပ်ဆောင်မှုများမှတဆင့် အချို့သော အကျိုးသက်ရောက်မှုများ ရရှိခဲ့ကြောင်း GSM က ဆိုထားသည်။ ထိုအထဲတွင် ဂျာမန်ကုမ္ပဏီတခုက မြန်မာစစ်တပ်၏ ငွေစက္ကူထုတ်လုပ်ရေးနှင့် ဆက်နွှယ်သည့် ပစ္စည်းပို့ဆောင်မှုကို ရပ်ဆိုင်းခဲ့ခြင်း ပါဝင်သည်။
ထို့အပြင် ၂၀၂၂ ခုနှစ်တွင် ဂျာမန်အစိုးရက မြန်မာစစ်သံမှူးကို နိုင်ငံမှ ထွက်ခွာစေခဲ့ခြင်းကိုလည်း အဖွဲ့က ၎င်းတို့၏ လှုပ်ရှားမှုများနှင့် ဆက်စပ်သည့် အရေးကြီးသော ဖြစ်ရပ်တခုအဖြစ် ဖော်ပြထားသည်။
သို့သော် GSM အတွက် အောင်မြင်မှုဆိုသည်မှာ မူဝါဒတခု ပြောင်းလဲစေခြင်းသာ မဟုတ်ပေ။ မြန်မာ့အရေးနှင့်ပတ်သက်လာလျှင် ဆက်သွယ်မေးမြန်းနိုင်သည့် ယုံကြည်ရသော အသံတခု ဖြစ်လာခြင်းလည်း အရေးကြီးသည်။
စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး နှစ်များကြာလာသည်နှင့်အမျှ မြန်မာ့အရေးသည် နိုင်ငံတကာသတင်းများ၏ ရှေ့တန်းမှ တဖြည်းဖြည်း လျှော့ကျလာခဲ့သည်။
ကမ္ဘာတဝန်းတွင် စစ်ပွဲများ၊ နိုင်ငံရေးအကျပ်အတည်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေခဲ့သည်။ ထိုအခြေအနေတွင် မြန်မာ့အရေးကို ဆက်လက်တင်ပြရန်မှာ GSM အတွက် မလွယ်ကူလှပေ။
ရန်ပုံငွေ၊ လူထုအသိပညာနှင့် နိုင်ငံရေးအပြောင်းအလဲများသည် အနာဂတ်လုပ်ငန်းများအတွက် စိန်ခေါ်မှုများ ဖြစ်နေကြောင်း ၄င်းတို့က နားလည်သဘောပေါက်ထားကြသည်။
သို့သော် အဖွဲ့အတွက် အဓိကမေးခွန်းမှာ “ဆက်လုပ်နိုင်မလား: မဟုတ်ပေ။ “ဘာကြောင့် ဆက်လုပ်ရမလဲ” ဖြစ်သည်။
GSM အတွက် မြန်မာ့အရေးကို ထောက်ခံခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်တခုထက် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ရှိသည်။ ၎င်းသည် လူ့အခွင့်အရေးအတွက် ရပ်တည်ခြင်း ဖြစ်သည်။ ဒီမိုကရေစီတန်ဖိုးများကို ကာကွယ်ခြင်း ဖြစ်သည်။ မြန်မာပြည်သူများ၏ အသံကို မပျောက်ကွယ်စေရန် ကြိုးပမ်းခြင်း ဖြစ်သည်။
ဂျာမနီနိုင်ငံမှ စတင်ခဲ့သော အဖွဲ့ငယ်တခု၏ လှုပ်ရှားမှုသည် နိုင်ငံတခု၏ နယ်နိမိတ်များကို ကျော်လွန်ပြီး သတင်းစကားတခု ပေးနေသည်။ တခါတရံ အဝေးဆုံးနေရာမှ ထွက်ပေါ်လာသော အသံတခုသည်ပင် အရေးကြီးဆုံး ဖြစ်နိုင်သည်။
GSM










