DVB Logo
Home
မြန်မာသတင်း
စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူရန် အန်အယ်လ်ဒီ တိုက်တွန်း
DVB
·
September 27, 2022
စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူရန်   အန်အယ်လ်ဒီ တိုက်တွန်း
Donate to DVB

စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ပေါ်ပေါ်ထင်ထင်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့ နိုင်ငံအသီးသီးနဲ့  နိုင်ငံတကာအဖွဲ့အစည်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က တိုက်တွန်းလိုက်ပါတယ်။ 

စက်တင်ဘာလ ၂၇ ရက်မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၄) နှစ်ပြည့်နေ့မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒနဲ့အညီ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အောက်မှ ကျင်းပမယ့် လွတ်လပ် တရားမျှတတဲ့ နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ် ကျင့်သုံးမှာဖြစ်ပြီး တရားမဝင်အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ကြံစည်နေတဲ့ ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ်အားလုံးကို အသိအမှတ်မပြု လက်မခံကြောင်းလည်း အန်အယ်လ်ဒီက ကြေညာပါတယ်။

စစ်ကောင်စီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးပြီး ကျန်းမာရေးနဲ့ မလျှော်ညီတဲ့ အခြေအနေမှာ ထားရှိမှု၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေအပါအဝင် ပါတီခေါင်းဆောင်တချို့ကို  အကျဉ်းထောင်ထဲမှာ စနစ်တကျ ဆေးကုသမှုမရရှိပဲ အသက်ဆုံးရှုံးစေခဲ့မှု၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ စစ်ကြောရေးစခန်းတွေမှာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုတွေ ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စာသင်ခန်းအတွင်းမှ မူလတန်းအရွယ် ကလေးသူငယ်တွေအပါအဝင် လူထုအပေါ် စစ်ရာဇဝတ်မှုတွေများစွာနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေများစွာကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို  လက်တွေ့ကျပြီး၊ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုကာကွယ်ပေးဖို့ အချိန်ကျပြီလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထားတာ၊ ပါတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကို  ဥပဒေမဲ့လိုက်လံဖမ်းဆီးတာ၊ ပါတီဝင်တွေရဲ့ နေအိမ်တွေ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းတာ၊ ဖမ်းမိသူတချို့ကို   စစ်ကြောရေးစခန်းတွေမှာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာ၊ ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက်ပြီး ပါတီပိုင်ပစ္စည်းတွေကို သိမ်းဆည်းတာ၊ မီးရှို့ဖျက်ဆီးတာတွ ဆက်တိုက်လုပ် ဆောင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အလုံးစုံဖျက်ဆီးဖို့ အားထုတ်နေတယ်လို့လည်းဆိုပါတယ်။

အန်အယ်လ်ဒီအနေနဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ တစိုက်မတ်မတ်ကြိုးစား သွားမယ်လို့လည်း ပါတီ ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁  ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂၂ မေလ ၅ ရက်အထိ အန်အယ်လ်ဒီပါတီဝင်  ၉၁၇ ဦးဖမ်းဆီးခံရပြီး  စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရလို့ သေဆုံးသူ ၁၈ ဦးရှိပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပါတီဝင် ၃၈ ဦး သေဆုံးခဲ့ရတယ်လို့ ပါတီ ထုတ်ပြန်ချက်အရသိရပါတယ်။

အန်အယ်လ်ဒီပါတီကို ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံအပြီးမှာ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ခေါင်းဆောင်ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပါတယ်။ 

အန်အယ်လ်ဒီပါတီဟာ ၁၉၉၀ အထွေထွရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo- NLD 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013