DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ခိုင်း
DVB
·
September 27, 2022
ကျောက်တော်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင်များကို  စစ်ကောင်စီက နေရပ်ပြန်ခိုင်း
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုမှာ ခိုလှုံနေကြတဲ့  စစ်ဘေးရှောင်ပြည်သူတွေကို  စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေတယ်လို့  စခန်းတာဝန်ခံတွေဆီက သိရပါတယ်။

ကန်စောက်စစ်ဘေးရှောင်စခန်း၊ ဝါးတောင် စစ်ဘေးရှောင်စခန်းနဲ့ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြသူတွေကို နေရပ်ပြန်ခိုင်းနေတာဖြစ်ပြီး  စစ်ကောင်စီ လက်အောက်ခံ ထွေအုပ် စာရေးကတဆင့် အကြောင်းကြားလာတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် နေရပ်ပြန်လို့ မရနိုင်သေးဘူးလို့ ဝါးတောင်စစ်ဘေးရှောင်စခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ကို အုပ်စုစာရေးကတဆင့် မြို့နယ်က စစ်ဘေးရှောင်တွေကို နိုဝင်ဘာလမှာ နေရပ်ပြန်ကြဖို့ ပြောလာတာရှိတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေက ပြင်းထန်လာနေကြတော့ ကျနော်တို့ရဲ့ ရပ်ရွာတွေမှာလည်း မဖြစ်နိုင်ဘူးလို့ ပြောလို့ မရနိုင်သေးဘူး။ အဲဒီတာကြောင့် အစိုးဘက်က ဘယ်အဖွဲ့အစည်းကနေ လာပြောပြော အဲအချိန်မှာ ကျနော်တို့ကတော့ ပြန်လို့မရသေးဘူးလို့ တင်ပြသွားမယ်" လို့ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာကြတာကြောင့် နေရပ်ပြန်ဖို့ ဘယ်တော့မှ မဖြစ်နိုင်သလို အစိုးရဘက်က  တစ်ခုခု လုပ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

"အုပ်စု ထွေအုပ်စာရေးကတဆင့် ကျနော်တို့  တောင်မင်းကုလား၊ ဝါးတောင်နဲ့ ကန်စောက် စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ အကြောင်းကြားလာတာတော့ရှိတယ်။ ရခိုင်ပြည်နယ်မှာက တိုက်ပွဲတွေ ပြန်ဖြစ်နေကြတော့ ကျနော်တို့ အနေနဲ့ နေရပ်ပြန်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ သူတို့ပြန်ခိုင်းလို့ မပြန်ဘူးဆိုရင် သူတို့က တစ်ခုခု လာလုပ်ကြမှာကိုလည်း စိုးရိမ်မှုတွေကတော့ ရှိနေကြတယ်။ ဒါပေမဲ့ အခုအခြေအနေအရကတော့ နေရပ်ပြန်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း စစ်ဘေးရှောင် ၂ သိန်းကျော်အထိရှိခဲ့ပြီး နေရပ်မပြန်နိုင်သေးသူ ၇ သောင်းကျော်အထိ ရှိနေသေးတယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေကြတာကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ စစ်ဘေးရှောင် ဦးရေ ၇၀၀၀ လောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)ကပြောထားပါတယ်။

စက်တင်ဘာ ၁၆ ရက်ကစပြီး စစ်ကောင်စီက NGO/ INGO တွေကို ရခိုင်ပြည်နယ်က မြို့နယ် ၆ ခုကို လူသားချင်းစာနာထောက်ထားမှု ကူညီမှုတွေနဲ့ ခရီးသွားလာခွင့်တွေ ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်တွေနဲ့ မွတ်ဆလင်ဒုက္ခသည်တွေအကြား စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013