DVB Logo
Home
Lead Story
ဗိုလ်မှူးချုပ် အုန်းသွင် လူယုံသတ်လို့ သေတာလား
DVB
·
September 26, 2022
ဗိုလ်မှူးချုပ် အုန်းသွင် လူယုံသတ်လို့ သေတာလား
1 / 2
Donate to DVB

လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်က ဒီကနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီ ဒုတိယခေါင်းဆောင်ရဲ့ ဆရာဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့ အသုဘအခမ်းအနားမှာတော့ တိတ်ဆိတ်လို့နေပါတယ်။ 

ရန်ကုန် တပ်မတော်စစ်ဆေးရုံအရှေ့မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေကို အရပ်ဝတ်တွေနဲ့ လုံခြုံရေးချထားလို ဆေးရုံထဲ ဝင်ရောက်သူတွေကို ခန္ဓာကိုယ်အနှံ့ စစ်ဆေးသလို ဖုန်းတွေပါ စစ်ဆေးတာတွေ ပြုလုပ်ပါတယ်။ 

မင်္ဂလာဒုံ ခရေပင်လမ်းခွဲတလျှောက်မှာတော့ ရဲကားတစီးနဲ့ စစ်ကောင်စီကားတစီးဟာ လက်နက်အပြည့်အစုံနဲ့ အသင့်အနေအထားနဲ့ လှည့်ကင်းလှည့်နေတာကလွဲလို့ လုံခြုံရေးတင်းကျပ်ထားတာတော့ သိပ်မရှိပါဘူး။  

ကွယ်လွန်သွားတဲ့ အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့ ဇနီးကို မြေးဖြစ်သူတို့က ငြိမ်းအေးဇရပ်ဆီကို တွဲခေါ်လာပြီး အသင့်ပြင်ထားတဲ့ ခင်ပွန်းဖြစ်သူရဲ့ အလောင်းကို ကြည့်ရှုစေပါတယ်။ 

ဇရပ်အတွင်းနဲ့ မလှမ်းမကမ်းမှာ စစ်ကောင်စီတပ်သားတွေလုံခြုံရေးယူထားပြီး လာရောက်သူတို့ကို ဓာတ်ပုံရိုက်ခွင့်မပေးပါဘူး။ 

ရုပ်အလောင်းကို ခရေပင်လမ်းခွဲမှာရှိတဲ့ တပ်မတော်စစ်သင်္ချိုင်းဆီမပို့မီ စစ်ကောင်စီတပ်က အငြိမ်းစားအရာရှိကြီးအချို့နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ လာရောက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က တိုင်းမှူး ညွန့်ဝင်းဆွေက အငြိမ်းစားဗိုလ်ချုပ်ကြီးတယောက်ကို လုံခြုံရေးအခြေအနေ ရှင်းပြနေပြီး စစ်ကောင်စီတပ် မိသားစုကအပ အပြင်လူတွေမလာတာကို တွေ့ရတယ်လို့ နာရေးကို သွားရောက်ခဲ့သူက ပြောပါတယ်။ 

“ရက်လည်တော့ လာမှာပေါ့။ အခုနာရေးက လူသိပ်မလာဘူး။ ရန်ကုန်မှာ အခုလိုဖြစ်တော့ ကျန်တဲ့ခေါင်းဆောင်တွေလည်း လန့်နေတယ်” လို့ တာဝန်ကျဗိုလ်မှူးတယောက်ရဲ့ပြောဆိုသံကို ကြားရတယ်လို့  ပြောပါတယ်။ 

ငြိမ်းအေးဇရပ်ဆီကို စစ်ကောင်စီတပ်တွေက ခေါင်းတလား ယူလာပြီးနောက် ဇနီးဖြစ်သူ ဒေါ်စန်းစန်းနွယ်ရဲ့ အော်ဟစ်ငိုကြွေးသံကြောင့်ထောက်လှမ်းရေးတွေ အတင်းဆွဲခေါ်သွားပါတယ်။  

“ရှင် ယုံတဲ့သူတွေက ရှင့်ကိုသတ်တာ။ ရှင်သွားမဲ့နေရာကို အတိအကျ သတင်းပေးပြီး သတ်ခိုင်းတာ။ လူယုံသတ်လို့သေတာ” ဆိုတဲ့ အော်ငိုသံကြောင့် စစ်တပ်၊ ရဲ၊ စစစ၊ SB၊ ထလရ စတဲ့အဖွဲ့တွေ ပျာယာခတ်သွားပါတော့တယ် လို့ ဆိုပါတယ်။ 

သာမန်နာရေးတခုမှာတောင် လူပေါင်းများစွာ လာရောက်ပို့ဆောင်ပေမဲ့ သံအမတ်ကြီး အငြိမ်းစား၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဆရာဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့နာရေးကတော့ ခြောက်ကပ်နေပါတယ်။ 

ငြိမ်အေးဇရပ်ကနေ ခရေပင်လမ်းခွဲက တပ်မတော်စစ်သင်္ချိုင်းကို သွားရာလမ်းတလျှောက်မှာရှိတဲ့ တာဝန်ကျစစ်သားတွေ ရယ်မောနေတာကလည်း ထူးခြားပါတယ်။ 

ဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့ကို အတူတူ အသုဘချတာမဟုတ်ဘဲ ခွဲပြီးချတာလို့ သိရပါတယ်။ “သူ့သမက်က သာမန်အဆင့်လေ။ ဗိုလ်ချုပ်က နိုင်ငံတော်အဆင့်။ မတူဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်ပြီးမှ သူ့သမက်ကို သင်္ဂြိုလ်မယ်ထင်တယ်” လို့ အငြိမ်းစားစစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။ 

တပ်မတော်စစ်သင်္ချိုင်းထဲကို စစ်ကောင်စီတပ်အရာရှိတွေ၊ မိသားစုဝင်တွေကလွဲလို့ သာမန်လူတွေ ဝင်ခွင့်မပြုတဲ့အပြင် ဓာတ်ပုံရိုက်ကူးတာ၊ ဖုန်းသုံးတာတို့ကိုလည်း လုံးဝခွင့်မပြုပါဘူး။ 

ဒီကနေ့ စစ်ခေါင်းဆောင်တွေရဲ့ ဆရာဖြစ်သူ ဗိုလ်မှူးချုပ်အုန်းသွင် အသုဘချရာမှာ ရန်ကုန်-ပဲခူး ကားလမ်းမတလျှောက် လုံခြုံရေးတင်းကျပ်ထားပြီး ဓနသဟာယသင်္ချိုင်းမှာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးများစွာ ချထားတာတွေ့ရပါတယ်။ 

တချိန်က သီရိလင်္ကာသံမတ်ကြီး တဖြစ်လဲ စစ်ခေါင်းဆောင်တွေရဲ့ ဆရာဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့ Dade Body ထုတ်လာချိန်မှာတော့ တစုံတခုကို မကျေနပ်တဲ့ပုံစံနဲ့ အံကြိတ်လျက်သား အသက်မဲ့နေတဲ့ခန္ဓာကို တွေ့ရတယ်လို့ နာ​ရေးကို လာရောက်တဲ့သူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်၊ မိသားစုနဲ့ အငြိမ်းစားအရာရှိတွေကလွဲလို့ ဘယ်သူ တဦး တယောက်မှ မလာဘဲ သင်္ဂြိုဟ်တဲ့ အခမ်းအနားကို တိုးတိုးတိတ်တိတ် လုပ်ရတာကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် သံဝေဂရစရာ မြင်ကွင်းပဲ ဖြစ်ပါတယ်။

ငြိမ်းအေးဇရပ်ကနေ တပ်မတော်စစ်သင်္ချိုင်းကို ကားကွေ့လိုက်တာနဲ့ တပြိုင်နက် အလေးပြုရင်း မချိုမချဉ်ပြုံးလိုက်တဲ့ ဒုတပ်ကြပ်တယောက်ရဲ့ အပြုံးတွေက အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဆရာဖြစ်သူနာရေးကို ဝမ်းသာနေသလို မြင်တွေ့ရပါတယ်။ 

မိုးစက်တွေ တဖွဲဖွဲကျနေတဲ့အချိန် ကားပေါ်ကဆင်းပြီး တပ်မတော် စစ်သင်္ချိုင်းကို လမ်းလျှောက်သွားတဲ့ ဗိုလ်မှူးချုပ်အုန်းသွင်ရဲ့ ဇနီးဖြစ်သူက အလေးပြုနေတဲ့ စစ်ကောင်စီတပ်သားတွေကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး သင်္ချိုင်းထဲကို ဝင်သွားပါတော့တယ်။

မြင့်မြတ်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013