DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆန်ကုန်သွယ်မှု နားလည်မှုစာချွန်လွှာ ၅ နှစ် သက်တမ်းတိုးမည်
DVB
·
September 26, 2022
မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆန်ကုန်သွယ်မှု နားလည်မှုစာချွန်လွှာ ၅ နှစ် သက်တမ်းတိုးမည်
Donate to DVB

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၅ နှစ်သက်တမ်းရှိတဲ့ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို နှစ်ဖက် လက်မှတ်ရေးထိုးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

ယင်းနှစ်နိုင်ငံတို့အကြား  G to G စနစ်နဲ့ ဆန်ရောင်းဝယ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇  ရက်နေ့မှာ တကြိမ်  လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

အခုအခါ ၂၀၁၇ ခုနှစ်မှာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့တဲ့ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာက ၂၀၂၂ ခုနှစ် အခု စက်တင်ဘာလမှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့  နောက်ထပ် ၅ နှစ် သက်တမ်းတိုးမြှင့်မယ့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို အခုလအတွင်း လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက် ဆောင်ရွက်နေတယ်လို့  ထုတ်ပြန်ထားတာပါ။

အရင် ရေးထိုးထားခဲ့တဲ့ နားလည်မှုစာချွှန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ နှစ်စဉ် ဆန်ဖြူတန်ချိန် ၂၅၀,၀၀၀ နဲ့ ပေါင်းဆန် တန်ချိန် ၅၀၀,၀၀၀ ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ဝယ်ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

အဲဒီသဘောတူညီချက်အရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာ ဝန်ကြီးဌာန၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား အရောင်းစာချုပ်တွေ ချုပ်ဆိုပြီး ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်မှာ ဆန်တန်ချိန် ၁ သိန်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်မှာ ဆန်တန်ချိန် ၁ သိန်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရောင်းချခဲ့တယ်လို့ သိရပါတယ်။

တတိယအကြိမ်အနေနဲ့  မြန်မာနိုင်ငံက ဆန်ဖြူတန်ချိန် ၂၀၀,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  တင်ပို့သွားနိုင်ဖို့အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံ ၊ Ministry of Food, Directorate General of Food နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်ကိုတော့ အခုလဆန်းပိုင်း စက်တင်ဘာလ ၈ နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံဟာ ဆန်တင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။  လက်ရှိ ကမ္ဘာထိပ်တန်း ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက  ဆန်တင်ပို့မှုကို ပိတ်ပင်ကန့်သတ်လိုက်တဲ့အတွက် အာရှစျေးကွက်မှာ ဆန်ဈေးမြင့်တက်လာပြီး ထပ်မံမြင့်တက်လာဦးမယ်လို့လည်း ဈေးကွက်စောင့်ကြည့်သူတွေက  ခန့်မှန်ထားကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဆန်တင်ပို့မှု ကန့်သတ်ချက်ကြောင့် နိုင်ငံတကာဝယ်လက်တွေက ပြိုင်ဘက် ဆန်တင်ပို့တဲ့နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ကနေ  ဝယ်ယူလာနိုင်တာကြောင့် မြန်မာဆန်ဝယ်လိုအားလည်း မြင့်တက်လာနိုင်တယ်လို့  သုံးသပ်ထားကြပါတယ်။

“အိန္ဒိယဆိုတာ ကမ္ဘာပေါ်  ဆန်တင်ပို့မှု အများဆုံးနိုင်ငံ။ သူတို့က ဆန်ကွဲတင်ပို့မှုကို ရပ်ထားတယ်။ ဆန် တင်ပို့တာကို အခွန် ၂၀ ရာခိုင်နှုန်း သတ်မှတ်လိုက်တော့ မြန်မာ အပါအဝင် ဆန်တင်ပို့တဲ့ နိုင်ငံတွေအတွက် ဈေးကောင်းရမယ့်သဘောပဲ” လို့ ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုကလည်း အခုဘဏ္ဍာနှစ်အထိ ဆက်လက်အရှိန်ကောင်းနေပြီး၊ ဒေါ်လာဈေး မြင့်တက်နေတာကြောင့် ပြည်တွင်းဆန်ဈေး၊ စပါးဈေးတွေလည်း လိုက်ပါမြင့်တက်နေပါတယ်။

လက်ရှိမှာ မိုးစပါး ဆန်အသစ်တွေ ဈေးကွက်အတွင်းကို စတင်ဝင်ရောက်လာနေပြီး မကြာခင်မှာ လှိုင်လှိုင်ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ 

စပါးအသစ်ပေါ်ချိန်မှာ ဈေးကျဆင်းလေ့ရှိပေမဲ့ အခုနှစ်က  စိုက်ပျိုးရေး သွင်းအားစုတွေနဲ့  အထွေထွေကုန်ဈေးနှုန်းတွေ အတက်ဘက်မှာ ရှိနေခဲ့တာကြောင့် ဆန်စပါးဈေးလည်း အတက်ဘက်မှာပဲ ဆက်ရှိနေနိုင်တယ်လို့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူတွေက မျှော်လင့်ထားကြတာပါ။

စစ်ကိုင်းတိုင်းက စပါးစိုက်တောင်သူတစ်ဦးက “ဈေးကောင်းရမှ လယ်သမားက ခံနိုင်မှာ။ ဓာတ်မြေဩဇာဈေး၊ ဒီဇယ်ဈေးက ဒီလောက် မချိမဆံ့တက်နေတာ။ ဆန်သစ်ပေါ်လို့သာ ဈေးကျရင် တောင်သူ အရင်ထိမှာပဲ”လို့ ပြောပါတယ်။

တဘက်မှာလည်း စိုက်ပျိုးရေးကုန်ကျစရိတ် ကြီးမြင့်နေတာ။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ စိုက်ပျိုးရေးကောင်းကောင်းမလုပ်နိုင်တွေတာကြောင့် မြန်မာနိုင်ငံရဲ့ ဆန်စပါး စိုက်ဧကကလည်း လျော့နည်းကျဆင်းနေပါတယ်။

မြန်မာနိုင်ငံက ဆန်ပြည်ပတင်ပို့မှုကတော့အခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၅ လအတွင်းမှာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၈၈၀၀၀၀ ကျော် တင်ပို့ထားပြီး၊ အဲဒီတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ပို့ကုန်ဝင်ငွေ ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

ပြည်ပဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး  တရုတ်၊ ဖိလစ်ပိုင်၊ ဘယ်ဂျီယံ၊ အိုင်ဗရီကို့စ်၊ နယ်သာလန်နိုင်ငံတို့ကို အဓိကအများဆုံးတင်ပို့နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မီနီဘတ်ဂျတ်ကာလအတွင်းမှာလည်း ဆန်တန်ချိန် ၁ ဒသမ ၄ သန်းထိ တင်ပို့နိုင်ခဲ့ပြီး ပုံမှန်တင်ပို့မှုထက် တိုးတက်မှုရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013