DVB Logo
Home
မြန်မာသတင်း
ဂျပန်ဝန်ကြီးချုပ်ဟောင်းဈာပန စစ်ကောင်စီသံအမတ်အား ဖိတ်ကြားမှုကို ဂျပန်အမတ်ဟောင်း ပြစ်တင်ဝေဖန်
DVB
·
September 25, 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်းဈာပန စစ်ကောင်စီသံအမတ်အား ဖိတ်ကြားမှုကို ဂျပန်အမတ်ဟောင်း ပြစ်တင်ဝေဖန်
Donate to DVB

ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ နိုင်ငံတော်ဈာပနသို့ ဖိတ်ကြားတာဟာ မြန်မာစစ်တပ်ရဲ့ တရားဝင်မှုကို ဖြစ်စေတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးရာရောက်ကာ နိုင်ငံတော်ဈာပနကို ပိုပြီး မထီမဲ့မြင်ပြုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်အောက်လွှတ်တော်အမတ်ဟောင်းမစ္စတာ Naoto Sakaguchi က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ ကျင်းပမယ့် ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုကျိုသံအမတ်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာဟာ ဂျပန်အစိုးရရဲ့ နိုင်ငံတော်စျာပနကျင်းမယ် ရည်ရွယ်ချက် ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတော် ဈာပန ကျင်းပရခြင်း အကြောင်းရင်းက ဒီမိုကရေစီစနစ်ကိုကာကွယ်စောင့်ရှောက်ဖို့ သန္နိဋ္ဌာန်ကို ပြသရေးဖြစ်ကြောင်း ၀န်ကြီးချုပ် Kishida က ပြောကြားခဲ့တာနဲ့ဆန့်ကျင်ပြီး  ရွေးကောက်ခံအစိုးရအား အာဏာသိမ်းဖြုတ်ချ၊ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်၊  ဖိနှိပ်ကာ ဒီမိုကရေစီကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဝန်ထမ်းကို တက်ရောက်ခွင့်ပြုတာ အံ့ဩမိကြောင်း ဂျပန်လွှတ်တော်အမတ်ဟောင်းမစ္စတာ နအိုတို ဆခခုချိ က ဂျပန်အစိုးရလုပ်ရပ်ကို ဝေဖန်ပြောကြားလိုက်တာပါ။ 

မစ္စတာ Naoto Sakaguchi က “ဂျပန်အစိုးရရဲ့ လုပ်ရပ်က မှားနေပေမယ့် မြန်မာနိုင်ငံက ပြည်သူတွေကို ကျနော်အပါအဝင် ဂျပန်ပြည်သူတွေက မမေ့ကြပါဘူး။ မြန်မာနိုင်ငံ စစ်ကောင်စီအောက်က လွတ်မြောက်ရေးကို မြန်မာပြည်သူတွေနဲ့အတူ အောင်ပွဲရ ဒီမိုကရေစီ ပြန်ရသည်အထိ လက်တွဲအားပေးမယ်” လို့ ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့သံအမတ်ကို ဖိတ်ကြားတာက စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်နိုင်တာမို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေသာမက ဂျပန်လွှတ်တော်အမတ်တွေ၊ ဂျပန်လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကပါ ဂျပန်အစိုးရကို သွားရောက်တွေ့ဆုံပြီး ကြိုတင်ကန့်ကွက်ပြောဆိုနေတဲ့ကြားက အခုလိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက် ၂ ရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို မြန်မာကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မပြုခဲ့တဲ့ ဗြိတိန် အစိုးရလို ဂျပန်အစိုးရအနေနဲ့ ပြတ်သားမှုမရှိဘဲ ကိုယ့်ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တဦးကို ဘာကြောင့် ဖိတ်ကြားခဲ့တယ်ဆိုတာ မိမိအပါအဝင် ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့ နားမလည်အောင် ဖြစ်ရကြောင်း CDM သံတမန်အရာရှိ ဦးအောင်စိုးမိုးက ဂျပန်သတင်းဌာနတွေကို ဒီနေ့ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ ကျင်းပမယ့် ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့ စျာပနကို အမေရိကန် ဒုသမ္မတ ကမာလာ ဟဲရစ်စ်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနိစ် တို့အပါအဝင် နိုင်ငံပေါင်း ၂၁၇ နိုင်ငံက ဧည့်သည်တော်ပေါင်း ၇၀ဝ လောက်ကို ဖိတ်ကြားထားပြီး ဂျပန်ပြည်သူ ၆၀ ရာခိုင်နှုန်းကျော်က မပြုလုပ်ဖို့ ကန့်ကွက်နေကြသလို အတိုက်အခံပါတီခေါင်းဆောင်အားလုံးက တက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

မစ္စတာ Naoto Sakaguchi  ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး အားပေးဆောင်ရွတ်နေတဲ့ နိုင်ငံရေးသမားတဦးဖြစ်ပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲကာလတွေမှာ သွားရောက်လေ့လာစောင့်ကြည့်ခဲ့သူတဦးဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အကြိမ်များစွာ တွေ့ဆုံဆွေးနွေးခဲ့သူတဦးလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013