DVB Logo
Home
မြန်မာသတင်း
ကံပေါက် မောရဝတီရေတပ်မှ ထွက်ပြေးသည့် တပ်သား ၂ ဦး ပြန်အဖမ်းခံရပြီး အသတ်ခံရ
DVB
·
September 25, 2022
ကံပေါက် မောရဝတီရေတပ်မှ ထွက်ပြေးသည့် တပ်သား ၂ ဦး ပြန်အဖမ်းခံရပြီး အသတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ (ဟိန္ဇဲ) အခြေစိုက် မောရဝတီ ရေတပ်စခန်းဌာနချုပ်ကနေ ထွက်ပြေးခဲ့တဲ့  စစ်ကောင်စီ တပ်သား နှစ်ယောက် ပြန်အဖမ်းခံရပြီး  အသတ်ခံလိုက်ရတယ်လို့ တပ်တွင်းသတင်းရစ်မြစ်ထံကသိရပါတယ်။ 

မောရဝတီ ရေတပ်စခန်းဌာနချုပ်ကနေ စက်တင်ဘာ ၁၄ ရက်က  ထွက်ပြေးခဲ့တဲ့ ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၁၂ ဦး အနက် ၂ ဦးဟာ ကံပေါက်ဒေသထဲမှာပဲ ရက်ပိုင်းအတွင်း ပြန်အဖမ်းခံရပြီး အသတ်ခံလိုက်ရတာလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ 

ကံပေါက် ရွာသားတဦးက “အစကကြားရတာက ထွက်ပြေးတာ ငါးယောက်ပဲ ပြီးမှ ဆယ်ယောက်ကျော်တယ်လို့သိရတယ်။ သူတို့ထွက်ပြေးတဲ့နေ့ကဆို ရွာထဲကကားနဲ့ ထွက်ပြေးတာဆိုပြီး နေ့ခင်းကြောင်တောင် စစ်တပ်အင်အားအလုံးအရင်းနဲ့ ရွာထဲ ဧည့်စာရင်းလိုက်စစ် ဓာတ်ပုံတွေပြပြီး လိုက်မေးနေတာ “ လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နောက်ပိုင်းမှာ ကံပေါက်ဒေသအတွင်းက ရွာတွေမှာ စစ်တပ်က စစ်ဆေးရှာဖွေတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ပြန်အဖမ်းခံရပြီး အသတ်ခံလိုက်ရတဲ့ တပ်သား နှစ်ယောက်ဟာ  ရိုးရိုး တပ်သားတွေဖြစ်ပြီး အဲဒီဖြစ်စဉ်နောက်ပိုင်း မောရဝတီတပ်တွင်း အပြင်ထွက်ခွင့်ကို ခါတိုင်းထက် တင်းကျပ်ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ကျန်တဲ့ ၁၀ ယောက် ကတော့ ဘယ်ရောက်နေလဲ မသိရသေးပါဘူး။

တပ်နဲ့နီးစပ်သူတဦးက “ထွက်ပြေးတဲ့ဖြစ်စဉ်တွေ အမြဲဖြစ်နေတော့ အရင်က ထွက်လို့ရတဲ့ လူတွေတောင် အခုမထွက်ရတော့ဘူး။ အရင်က အရပ်ဝတ်နဲ့ ငါးယောက်တစု ကားနဲ့ ရွာထဲ ပစ္စည်းထွက်ဝယ်လို့ရတယ်။ အခုကတော့ ကန့်သတ်ထားတယ်။ အစကသူတို့ယုံရတဲ့ အဝယ်တော်တွေနဲ့ဝယ်ခိုင်းတယ်။ အခုဆို အဝယ်တော်တွေလည်း မယုံလို့ မဝယ်ခိုင်းတော့ဘူး” လို့ ပြောပါတယ်။

သတင်းပေါက်ကြားတာမျိုးနဲ့ ထွက်ပြေးတာမျိုးတွေ မကြာခဏဖြစ်နေတာကြောင့် စစ်တပ်ထဲကလူတွေနဲ့ အရပ်သားတွေကို တအားရင်းနှီးအောင်မနေခိုင်းတော့ဘူးလို့  ဆက်ပြောပါတယ်။

စစ်တပ်ကထွက်ပြေးပြီး ပြန်ပစ်သတ်ခံရတာမျိုး အရင်ကလည်းရှိခဲ့ပြီး ကိုယ့်ဟာကိုယ် သေကြောင်းကြံတဲ့ပုံစံနဲ့ပဲ သေစာရင်းရေးပြီး သင်္ဂြိုဟ်ခိုင်းတာမျိုးရှိတယ်လို့ အဲဒီရေတပ်က နာရေးတွေကို ကူညီပေးနေရတဲ့ အဖွဲ့ရဲ့ မှတ်တမ်းတွေအရသိရပါတယ်။

မောရဝတီ ရေတပ်ကို အခုနှစ် ဇန်နဝါရီလမှာ  စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်စည်းရုံးရေးဆင်းခဲ့ပြီး လာရောက်စဉ်က တပ်သားတွေအနေနဲ့ ငွေကို ခြွေတာသုံးစွဲပြီး ဝင်ငွေ ထွက်ငွေ မျှအောင်သုံးစွဲကြဖို့  ပြေဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း ကံပေါက်အခြေစိုက် ခလရ ၂၇၃ တပ်သား သုံးယောက် ထွက်ပြေးပြီး ကလိန်အောင်မြို့နယ်ထဲမှာပဲ ပြန်အဖမ်းခံလိုက်ရပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မောရဝတီရေတပ်ကနေ CDM ပြုလုပ်ပြီး အရာရှိတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေ ဒါဇင်လိုက် ထွက်ပြေးလွတ်မြောက်ခဲ့ကြတာလည်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013