DVB Logo
Home
Lead Story
စစ်မိစ္ဆာတပ် ဆက်ရှိနေသရွေ့
DVB
·
September 24, 2022
စစ်မိစ္ဆာတပ် ဆက်ရှိနေသရွေ့
Donate to DVB

အဲဒီစစ်မိစ္ဆာတပ် ၂၀၂၁ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်မှာ နေ့စဥ်နေ့တိုင်းလိုလို ကျက်သရေမဲ့သတင်းတွေ၊ အဖြစ်အပျက်တွေကို လူတိုင်း ကြားနေ၊ကြုံနေရတယ်။ ဒင်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေခမျာ နေ့စဥ်နဲ့အမျှ ခါးစည်းခံနေကြရတယ်။ အင်မတန် ကောက်ကျစ် ယုတ်မာ ရက်စက်တဲ့ အဲ့ဒီ စစ်မိစ္ဆာတပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို သေနတ်အစစ် ကျည်အစစ်နဲ့ ပစ်ခတ်တယ်။

ကားနဲ့နောက်ကနေ မသေသေအောင် ဝင်တိုက်တယ်။ မသေဘဲ ထိခိုက်ဒဏ်ရာရသူတွေကို တခါဖမ်းပြီး စစ်ကြောရေးဆိုတဲ့ ငရဲခန်းကို ခေါ်သွားတယ်။ အဲဒီလိုပဲ ဖက်ဆစ်လက်တွင်း မသက်ဆင်းချင်လို့ မြင့်မြတ်စွာ တိုက်ပေါ်ကနေ ခုန်ချတဲ့သူတွေအနက် မသေခဲ့တဲ့သူတချို့ကိုလည်း ဖမ်းဆီးပြီး နှိပ်စက်ပြန်တယ်။ သူတို့လို မဟုတ်ဘဲ တခြားပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူတွေကိုလည်း ထောင်ဆိုတဲ့ နေရပ်မှာ အမျိုးမျိုးအဖုံဖုံနဲ့ ညှဥ်းပန်း နှိပ်စက်ရာ တချို့ဆိုရင် စအိုဝကို တံကျင်နဲ့ထိုးခံရတယ်။ လိင်အင်္ဂါ‌တွေကို ဖျက်ဆီးတယ်။ လက်သရမ်းတယ်။ ခွေးလို အူရ၊ ဖားလို ခုန်ရနဲ့ ဆိုင်ကယ် စီးရ၊ လေယာဉ်ပျံစီးရ စတဲ့ နည်းအမျိုးမျိုးနဲ့ ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်တယ်။ ညှဉ်းဆဲတယ်။ လူမသေရင် စိတ်သေအောင်။ စိတ်မသေရင် လူသေအောင် လုပ်တယ်။ လူတစ်ယောက်ကို လုံးဝထင်မှတ်မထားတဲ့ အချိန်မှာပဲ အတင်းအဓမ္မ ဆွဲခေါ်ပြီး ကြိုးပေး ကွပ်မျက်တယ်။ ငါက ငယ်ငယ်ကတည်းက သတ်တာ ဝါသနာပါတယ်ဆိုကာ လူပေါင်း ၂၀ ကျော် ၃၀ နီးပါးကို နောက်ပြန်ကြိုးတုပ်ကာ တဒိုင်းဒိုင်းနဲ့ ပစ်သတ်တယ်။ အဲဒီ အပြစ်မဲ့ ပြည်သူအလောင်းတွေ ဘေးမှာ သူတို့ကိုယ်သူတို့ ပြည်သူသတ်သမားတွေအဖြစ် ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဓာတ်ပုံရိုက်မှတ်တမ်းတင်ခံတယ်။ ပြီးတော့ မြိန်ရေရှက်ရေနဲ့ မင်းက ဘယ်နှယောက် ငါက ဘယ်နှယောက်ဆိုကာ ပါးစပ်အရသာခံ ပြောကြတယ်။ အဲဒီလို ခေါင်းကို စိတ်ကြိုက်တည်ပြီးပစ်ရတာ မကြိုက်ဘူးဆိုရင် နောက်တမျိုး ပြောင်းတယ်။ ဘာလဲဆိုရင် လက်ပြန်ကြိုးတုပ် ဓာတ်ဆီနဲ့လောင်းပြီး မီးသွေးခဲဖြစ်တဲ့အထိ၊ ပြာမှုန့်ဖြစ်တဲ့အထိ ရှို့တယ်။ သတ်တယ်။ 

အို...... အဲဒီကောင်တွေရဲ့ တိရစ္ဆာန်ထက်နိမ့်တဲ့ လုပ်ရပ်တွေကတော့ ပြောရင်ဆုံးမှာ မဟုတ်တော့ပါဘူး။ ဟုတ်တယ်။ တိရစ္ဆာန်မဆန်တဲ့ကောင်တွေ။ တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ အကောင်တွေ။ စစ်ခွေး၊ ရဲခွေးလို့ နှိုင်းရလောက်အောင်လည်း ခွေးတိရစ္ဆာန်ဟာ သခင်အပေါ် သစ္စာရှိတယ်။ ကျွေးတဲ့လက်ကို ပြန်မကိုက်ဘူး။ ဟောဒီ ​မြန်မာပြည်က အဲဒီ စစ်တပ်ကကောင်တွေက ဒီလိုမဟုတ်ဘူး။ ပြည်သူ့ငွေနဲ့ ပြည်သူကို ပစ်တယ်။ သတ်တယ်။ မီးရှို့တယ်။ လေယာဉ်နဲ့ ပစ်တယ်။ လက်နက်ကြီးနဲ့ ထုတယ်။ ခွေးထက် ယုတ်ညံ့တဲ့ မကောင်းဆိုးဝါး မိစ္ဆာတွေက ပြည်သူတရပ်လုံးကို အဲဒီလို ရန်သူအဖြစ် သတ်မှတ်ထားတယ်။ စားဖို့၊ ကစားဖို့ပဲ လုပ်တတ်တဲ့ အဖြူစင်ဆုံး ကလေးငယ်​လေးတွေကိုပါမချန် ရန်သူလို သတ်မှတ်တာ။ သုံးနှစ်အရွယ်ကလေးကိုလည်း ဖမ်းတာပဲ။ ဆန္ဒပြပွဲနဲ့ အဝေးကြီးမှာရှိတဲ့ ခြောက်တန်းအရွယ် ကလေးကိုလည်း သေနတ်အစစ်၊ ကျည် အစစ်နဲ့ပစ်တာပဲ။ ဒင်းတို့က ကလေးတွေကို ရန်သူလို သဘောထားတာ။ ရန်သူလို ဆက်ဆံတာ။ စက်တင်ဘာလ ၁၆ ရက်နေ့က အဖြစ်အပျက်ကို ကြည့်ရင်ပဲ ဒင်းတို့ရဲ့ ကလေးတွေအပေါ် သဘောထားအမှန်ကို သိရပါတယ်။

ရွာစာသင်ကျောင်းမှာ ပညာသင်နေတဲ့ အဲဒီ အဖြူထည် ကလေးတွေကို သတ်တာက ဓားနဲ့ထိုး၊ တုတ်နဲ့ရိုက်၊ သေနတ်နဲ့ ပစ်တာ မဟုတ်ဘူး။ ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်တာ။ ခဏတဖြုတ် ပစ်တာ မဟုတ်ဘူး။ လေးဆယ့်ငါးမိနစ် တစ်နာရီလောက် ရှိတယ်။ တရစပ် ပစ်တယ်။ ဒါတင်ပဲလား။ ဘယ်ဟုတ်လိမ့်မတုန်း။ လက်နက်ကြီးနဲ့ ပစ်သေးတာ။ ကလေးပိစိလေးတွေ ကူရာကယ်ရာမဲ့ ကြောက်ရွံ့နေချိန်မှာ လက်နက်ကြီးတွေနဲ့ ထုတာ။ ကျည်မိုးတွေဟာ ကျောင်းပတ်ဝန်းကျင်မှာ သည်းလို့ထန်လို့ပါ။

သေလိုက်ကြတာ။ ‌တချို့ ကလေးတွေ ခေါင်းမပါတော့ဘူး။ လက်တွေ ခြေထောက်တွေ မပါတော့ဘူး။ အို… အူတွေကလည်း ထွက်လို့။ အဖြူရောင်အင်္ကျီဟာ သွေးချင်းချင်းနီ သွားလိုက်တာများ မူးမေ့ချင်စရာပါ။ မေမေရေ သားသားကို သတ်ပေးပါတော့၊ ရေဆာလိုက်တာ ရေဆာလိုက်တာဆိုတဲ့ အသံတွေကလည်း ကမ္ဘာပျက်နေသလိုပဲ။ ဒီလို ကမ္ဘာပျက်နေတာတောင် ကမ္ဘာဖျက်စစ်မိစ္ဆာတွေက ကျောင်းထဲ ဝင်ချလာပြီး မော့မကြည့်နဲ့၊ ကြည့်ရင် အကုန်ပစ်သတ်မယ် ဆိုပြီး ထပ်ခြိမ်းခြောက်သတဲ့။ ကလေးအလောင်းတွေကို ပီနံအိတ်ထဲ ထိုးသိပ်ထည့်။ ဒါတင်မက။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေနဲ့ ဆရာ၊ ဆရာမ တွေကိုလည်း လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်သွားပါသတဲ့။ ကလေးမိဘတွေ ရှေ့မှာတင် ယုတ်မာသွားလိုက်ကြပုံက ကမ္ဘာကြေပေမယ့် ဥဒါန်းမကျေပါ။ 

အဲဒီ ငရဲခန်းဟာ ဖိလေ ကြွလေ ထိလေ ချလေဆိုတဲ့ စစ်ကိုင်းတိုင်းမှာ ဖြစ်ခဲ့တာ။ အဲဒီငရဲခန်းဟာ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးစပြီး မကြာခင်မှာပဲ တူမီးထက်တောင် နိမ့်တဲ့ လက်လုပ်သေနတ်လေးတွေနဲ့ စစ်မိစ္ဆာတပ်ကို တိုက်ရင်း လယ်ကွင်းပြင်တွေပေါ်မှာ အယောက် နှစ်ဆယ်လောက် အသက်ပေးသွားခဲ့တဲ့ ဒီပဲယင်းနယ်မှာ ဖြစ်ခဲ့တာ။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်နီးပါးက ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမျိုးသမီးကြီးကို ဝါရင်းတုတ်တွေနဲ့ အသေရိုက်သတ်ဖို့ လုပ်ခဲ့တဲ့ ဒီပဲယင်းနယ်မှာ စစ်မိစ္ဆာတပ်ရဲ့ ရာဇဝတ်မှုကြီး ကျူးလွန်ခဲ့တာပါ။ 

ခွေးထက် ယုတ်နိမ့်တဲ့ အဲဒီ စစ်မိစ္ဆာတပ် ၂၀၂၁ အာဏာသိမ်းကတည်းက တိုင်းပြည်မှာ နေ့စဥ်နေ့တိုင်းလိုလို ကျက်သရေမဲ့သတင်းတွေ၊ အဖြစ်အပျက်တွေကို လူတိုင်း ကြားနေ၊ ကြုံနေရတယ်။ ဒင်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေခမျာ နေ့စဥ်နဲ့အမျှ ခါးစည်း ခံနေကြရတယ်။ အဆိုးတကာ့အဆိုးဆုံးကတော့ တိုင်းပြည်ရဲ့ ဘယ်နေရာမှာမဆိုရှိတဲ့ ကလေးတွေ ကို အခုလို အကြမ်းဖက် ယုတ်မာတဲ့ဟာတွေပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် တရားစီရင်ခံရမှု ကနေ ကင်းလွတ်ခဲ့တဲ့ အဲဒီ ငရဲ စစ်မိစ္ဆာတွေကို အမြစ်ဖြတ် တိုက်ထုတ်ပစ်နိုင်မှသာ တိုင်းပြည်ဟာ ငရဲခန်းက လွတ်မြောက်နိုင်မှာပါ။ သို့မဟုတ်ဘဲ ဒီကောင်တွေ ရှိနေသရွေ့ ဒီလို အနိဋ္ဌာရုံ အဖြစ်အပျက်တွေ၊ အမင်္ဂလာသတင်းတွေကတော့ ဆက်ဖြစ် ဆက်ကြားနေရဦးမှာပဲ ဖြစ်ပါတယ်။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013