
အစ္စရေးကို တိုက်ခိုက်မှုရပ်ဖို့နဲ့ အပြန်အလှန်အနေနဲ့ အစ္စရေးက လက်ဘနွန်မြို့တော် ဘေရွတ်ကို မတိုက်ဖို့ အမေရိကန်ရဲ့ အစီအစဉ်ကို ဟစ်ဇ်ဘိုလာအဖွဲ့က သဘောတူတယ်လို့ လက်ဘနွန်အစိုးရက ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုတွေ အပြန်အလှန်ရပ်စဲဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟစ်ဇ်ဘိုလာတွေ လက်ခံကြောင်း အမေရိကန်ရှိ လက်ဘနွန်သံရုံးက ဇွန် ၁ ရက်မှာ အတည်ပြုပါတယ်။
ဒီသဘောတူညီချက်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း အတည်ပြုခဲ့ပြီး “ဟစ်ဇ်ဘိုလာတွေကသာ ကျုပ်တို့မြို့တွေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်တာ မရပ်ဘူးဆိုရင်” ဘေရွတ်မြို့ကို ဗုံးဆက်ကြဲမယ်လို့ သတိပေးပါတယ်။
ဒါပေမဲ့ အစ္စရေးစစ်တပ်အနေနဲ့ လက်ဘနွန်တောင်ပိုင်းက စစ်ဆင်ရေးတွေကိုတော့ ဆက်လုပ်သွားမယ်လို့ နေတန်ယာဟုက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ နေတန်ယာဟုနဲ့ရော ဟစ်ဇ်ဘိုလာ ကိုယ်စားလှယ်တွေနဲ့ပါ စကားပြောခဲ့ပြီး “ပစ်ခတ်မှုတွေအားလုံး ရပ်မယ်လို့ သူတို့ သဘောတူခဲ့တယ်” လို့ လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ပ်က အဲဒီလိုပြောဆိုပြီး နောက်ပိုင်းမှာတောင် နှစ်ဖက်ကြား ပစ်ခတ်မှုတချို့ ဆက်ရှိနေပါတယ်။
အစ္စရေးရဲ့ လက်ဘနွန်အပေါ် စစ်ရေးလှုပ်ရှားမှုတွေဟာ အမေရိကန်-အီရန် အပစ်ရပ်စဲရေးကို ခြိမ်းခြောက်နေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက သတိပေးပါတယ်။
အစ္စရေးရဲ့ လုပ်ရပ်တွေကြောင့် အမေရိကန်နဲ့ သွယ်ဝိုက်ဆွေးနွေးမှုတွေကို ရပ်ဆိုင်းနိုင်တယ်လို့လည်း အီရန်ဘက်က ဆိုပါတယ်။
ဒါပေမဲ့ အီရန်နဲ့ ဆွေးနွေးမှုတွေဟာ အရှိန်အဟုန်နဲ့ ဆက်ရှိနေတယ်လို့ ထရမ့်ပ်က အခိုင်အမာ ပြောထားပါတယ်။
အရှေ့အလယ်ပိုင်းက အခုလို တင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေလည်း ထပ်မံမြင့်တက်လာပါတယ်။
Source: Reuters










