DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ထဲက စစ်ရှောင်စခန်းများ ဖျက်သိမ်းရန် စစ်‌ကောင်စီလက်အောက်ခံ ထွေအုပ် ညွှန်ကြား
DVB
·
September 22, 2022
ရှမ်းပြည်နယ်ထဲက စစ်ရှောင်စခန်းများ ဖျက်သိမ်းရန် စစ်‌ကောင်စီလက်အောက်ခံ ထွေအုပ် ညွှန်ကြား
1 / 2
Donate to DVB

ရှမ်းပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေကို ဖျက်သိမ်းပြီး စစ်ရှောင်ရွာသားတွေအနေနဲ့ ဒီစက်တင်ဘာလအတွင်း မိမိရပ်ရွာမှာပြန်နေဖို့ ဒါမှမဟုတ် အမျိုးအိမ်မှာသွားနေတာ၊ အိမ်ငှားနေတာတွေလုပ်ဖို့ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးရုံးက ညွှန်ကြားထားတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေထံက သိရပါတယ်။

ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က မြို့နယ်ထွေအုပ်ရုံး တာဝန်ရှိသူတွေက စစ်ဘေးရှောင်တွေ လက်ခံကူညီထားတဲ့ ရှမ်းစာပေယဉ်ကျေးမှုရုံးကို ရောက်လာပြီး စစ်ရှောင်စခန်းကနေ ထွက်ခွာဖို့ လာရောက်ညွှန်ကြားသွားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျောက်မဲထွေအုပ်ကနေပြီး စစ်ဘေးရှောင်စခန်းကိုလာပြီး နေရပ်ပြန်ကြဖို့ ပြောပါတယ်။ နေရပ်မပြန်ချင်လည်း အမျိုးအိမ်မှာနေဖို့၊ အမျိုးအိမ်မနေရင်လည်း အိမ်ငှားနေဖို့ အဲဒီ ၃ ခုထဲက တခုခုပေါ့။ အဲဒီလိုလုပ်ရင် အစိုးရက ၂ ပတ်စာ ရိက္ခာထောက်ပံ့ပေးမယ်တဲ့။ ပြီးတော့ အိမ်ပြန်မယ်ဆို ရွာအထိပို့ပေးမယ်။ အမျိုးအိမ်သွားမယ်၊ အိမ်ငှားနေမယ်ဆိုလည်း လိုက်ပို့ပေးမယ်လို့ ပြောတယ်။ တနိုင်ငံလုံးမှာ စစ်ရှောင်စခန်းဆိုတာ လုံးဝမရှိစေရ၊ ဇီးရိုးပါဆင့် ဖြစ်နေရမယ်လို့ ပြောပါတယ်။”

ကျောက်မဲမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၂ နှစ်က TNLA နဲ့ SSPP တပ်ပေါင်းစုအဖွဲ့နဲ့ RCSS တပ်တွေကြား တိုက်ပွဲတွေဖြစ်ပြီး ထောင်နဲ့ချီတဲ့ရွာသားတွေ စစ်ဘေးရှောင်ခဲ့ရပါတယ်။

RCSS က ဆုတ်ပေးခဲ့လို့ ဒီနှစ်ဆန်းပိုင်းမှာ တိုက်ပွဲငြိမ်သွားပေမဲ့ တိုက်ပွဲအကြွင်းမကျန် မြေမြှုပ်မိုင်းတွေ မကြာခနပေါက်ကွဲတာ၊ လက်နက်ထိမှန်လို့ အိမ်တွေပျက်စီးပြီး ပြန်မဆောက်နိုင်တာ၊ တချို့ရွာမှာ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်စခန်းချပြီး ရွာသားတွေကို အဓမ္မလုပ်အားပေးခေါ်တာ၊ စစ်သားသစ်စုဆောင်းတာ၊ အခွန်ငွေကောက်ခံတာတွေ ရှိနေတာမို့ အများစုက ရွာမပြန်ရဲတော့ဘူးလို့ စစ်ဘေးရှောင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“နေရင်းရွာပြန်နေတဲ့သူက အနည်းစုပါ။ တချို့က သူတို့ဆွေမျိုးရှိတဲ့ မြို့ရွာဘက်ကို အုပ်လိုက်ပြောင်းသွားပြီ။ ရွာသစ်တည်ပြီးနေကြတယ်။ တောင်ကြီး ဟိုပုံးဘက် သွားတာလည်း ရှိတယ်။ ငွေကြေးနည်းနည်းတတ်နိုင်သူကျတော့ ကျောက်မဲမြို့ပေါ်မှာ အိမ်ငှားနေတယ်။ ဆွေမျိုးအိမ်မှာ အဖီလေးတွေဆွဲပြီး နေနေကြတာလည်း ရှိပါတယ်။ အိမ်ငှားဖို့လည်းမတတ်နိုင်၊ ဆွေမျိုးလည်းမရှိ၊ ရွာလည်းမပြန်ရဲတဲ့လူတွေတော့ အခက်အခဲရှိတာပေါ့။ သိတဲ့အတိုင်းပဲ လက်နက်ကိုင်အဖွဲ့တွေရှိနေရင် လုံးဝအဆင်မပြေဘူး။ အိမ်တွေလည်း ပျက်စီးကုန်ပြီ။”

လက်ရှိ ကျောက်မဲ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက လက်ခံကူညီထားတဲ့ စစ်ဘေးရှောင် စခန်းမှာ မိသားစု ၅၅ စု လူဦးရေ ၁၅၈ ယောက် ကျန်ရှိနေကြောင်း၊ သူတို့ဟာ ဟူးဆွန်၊ မြိန်းဆိုင်း၊ တုန်ဟိတ်နဲ့ ကျိန်ကိုင် စတဲ့ရွာတွေကဖြစ်ပြီး ထွေအုပ်ရုံးကပြောတဲ့ အချက် ၃ ချက်အတိုင်း လိုက်နာဖို့ အခက်အခဲရှိနေတာမို့ အထက်ကို စာရေး အသနားခံကြည့်မယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။

အလားတူ နမ္မတူမြို့နယ်ဘက်မှာလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက ဒီစက်တင်ဘာလ အတွင်း စစ်ဘေးရှောင်စခန်းတွေ အပြီးဖျက်သိမ်းဖို့ ဖိအားပေးထားလို့ တချို့တွေ စခန်းက နေစွန့်ခွာသွားကြပြီဖြစ်ပြီး ပြန်ဖို့ အခက်အခဲရှိတဲ့လူတွေလည်း ရှိနေသေးတယ်လို့ နမ္မတူ ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။

“ရှမ်းစစ်ဘေးရှောင်က ၅၉ အိမ်ရှိတာ ၄၀ လောက်ပြန်တယ်။ လီဆူက ၂၈ အိမ်ရှိတာ ၁၀ အိမ်လောက်ပြန်တယ်။ ကချင်က မိသားစု ၃၀ ရှိတယ်။ သူတို့ကတော့ ပြန်တာနည်းတယ်၊ မပြန်တဲ့ လူတွေက သူများအိမ်မှာ ငှားနေတာ၊ ဆွေမျိုးနဲ့လိုက်နေတာ၊ တချို့က မြေကွက်ဝယ်တာတွေ ရှိတယ်။”

အခုလို ပြန်သွားကြပေမဲ့ နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိသေးကြောင်း၊ ရွာမှာမပြောနဲ့ မြို့ပေါ်မှာလည်း လုံခြုံမှုမရှိဘူးလို့ နမ္မတူဒေသခံက ဆက်ပြောပါတယ်။

“ပြန်ရမယ်ဆိုတော့ အတင်းအဓမ္မဆိုတော့ ပြင်ဆင်နေပြီပေါ့ သူတို့က။ ကလေးတွေ ကျောင်းထားဖို့က ပြဿနာပဲ။ သူတို့သွားမယ့်နေရာက တချို့ကျောင်းတွေမဖွင့်ဘူး၊ ပိတ်ထားတယ်။ အဲတော့ အခက်အခဲတွေက အများကြီးရှိတာပေါ့။ တိုက်ပွဲကလည်း အချိန်မရွေး ထဖြစ်နိုင်တယ်။”

နမ္မတူမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်၊ TNLA ပလောင်တပ်၊ SSPP ရှမ်းတပ်၊ RCSS ရှမ်းတပ်၊ KIA ကချင်တပ်တွေ လှုပ်ရှားပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက တိုက်ပွဲတွေ မကြာခနဖြစ်ပွားလို့ ထောင်နဲ့ချီတဲ့ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ရပြီး ပန်လုံကျေးရွာမှာဆိုရင် အိမ်ခြေ ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013