DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား
DVB
·
September 22, 2022
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ စက်တင်ဘာ ၂၁ ရက်က စစ်ကောင်စီတပ်တွေ ၂ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

မွန်းတည့် ၁၂ နာရီလောက်က မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ၉၅ မိုင် အရောက်မှာ ပထမအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့ကြောင်း၊ ဒုတိယအကြိမ် တိုက်ခိုက်မှုကိုတော့ ညနေ ၄ နာရီလောက်မှာ ကျွဲတက်အနီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီကား ၁ စီးရဲ့ ရှေ့ပိုင်းပျက်စီးမှုတချို့သာ ရှိခဲ့တယ်လို့ PDF ခေါင်းဆောင်က ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့အဖွဲ့ဟာ သြဂုတ် ၂၆ ရက်က ကလေးဝဘက်ကနေ မင်းကင်းမြို့နယ်ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး အဲဒီလိုလာတုန်းကလည်း မင်းကင်းမြို့နယ် PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခံခဲ့ရသလို အခုအပြန်လမ်းမှာလည်း ထပ်မံတိုက်ခိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အလားတူ မင်းကင်းမြို့နယ်၊ တောင်ယာတောရွာက စစ်ကောင်စီလုံခြုံရေးဂိတ် စက်တင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်လာသူတွေဟာ ချင်းတွင်းမြစ်အထက်ပိုင်းကနေ လေးလုံးထိုး စက်တပ်မော်တော်နဲ့ စုန်ဆင်းလာပြီး အခုလိုပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံရွာသားတယောက်က “အမှုမဲ့ အမှတ်မဲ့နဲ့ကို ရုတ်တရက် လာပစ်သွားတာ။ စစ်ကောင်စီတော့ အလစ်ခံလိုက်ရတာ။ ဘယ်အဖွဲ့ကမှန်းတော့ မသိဘူးဗျ။ (--)တွေကိုပစ်ပြီး အောင်ပွဲခံသီချင်းတွေဆိုပြီး ချင်းတွင်းမြစ် အထက်ပိုင်း ပြန်ဆန်တက်သွားကြတယ်။ (--)တွေကတော့ ပြာပြာသလဲပဲ။ ဒဏ်ရာရတဲ့သူ‌တွေရော၊ သေတဲ့သူတွေရော ဆိုက်တွဲနှစ်စီးနဲ့ မင်းကင်းဆေးရုံကို အရေးပေါ် ခေါ်သွားကြတာ မြင်လိုက်ရတယ်။ အသေ‌အပျောက် အတိအကျတော့ အနီးကပ်မကြည့်လိုက်ရတော့ မသိလိုက်ဘူး” လို့ ပြောပါတယ်။

အပစ်ခံရတဲ့ စစ်ကောင်စီဂိတ်ဟာ ချင်းတွင်းမြစ်ကြောင်းမှာ လာသမျှ မော်တော်တွေကို မင်းကင်းမြို့နယ် တောင်ယာတောရွာကမ်းကနေ စစ်ဆေးရေးဂိတ်ပြုလုပ်ကာ ဆက်ကြေးတောင်းနေတဲ့ ဂိတ်တခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့ပေါ်နေ ပြည်သူတယောက်က “ဒဏ်ရာရတာတွေကတော့ များတယ်။ အတိအကျတော့ မသိရဘူး။ ပျူစောထီးတွေကတော့ ဆေးရုံအောက်ထပ်မှာ ကျည်ထုတ်တာတွေ လုပ်နေတယ်။ အကောင်ကြီးကြီးနဲ့ ရဲတွေကတော့ အပေါ်ထပ်ကိုတင်ပြီး ကုသတာတွေ လုပ်နေတယ်။ လုံခြုံရေးကတော့ ဆေးရုံပတ်လည်မှာ တင်းကျပ်ထားတယ်။ အတိအကျ သိရတာကတော့ ကျနော် အနောက်ရွာက အောင်အောင်ရယ်၊ စခန်းမှူးအဆင့်ရှိသူရယ်ကတော့ အခြေအနေဆိုးတယ်။ လုံခြုံရေးက အတော်လေးတင်းကျပ်ထားတော့  ကျန်တဲ့သူတွေက ထိခိုက်ဒဏ်ရာလား၊ သေဆုံးတာလားတော့ အတိအကျ မသိရဘူး။ လက်နက်တွေလည်း ပါသွားသလို ဖုန်းတွေ ပိုက်ဆံအိတ်တွေလည်း ပါသွားတယ်လို့တော့ သိထားရတယ်” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ် ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ သီးခြား သတင်းထုတ်ပြန်တာ မရှိသေးသလို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မင်းကင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေသွားတဲ့ လမ်းကြောင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းထောင်တိုက်ခိုက်လို့ စစ်ကောင်စီအရာရှိတယောက်နဲ့ စစ်သားတယောက်၊ ပျူစောထီး ၃ ယောက် သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ‌မင်းကင်းဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာလမ်းမကြီးနဲ့ ကျန်စစ်သားလမ်း (ဝန်ထမ်းအိမ်ရာလမ်း) လမ်းဆုံအနီးကို မိုင်းရှင်းလင်းဖို့ လာရောက်တဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက ကလေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလမ်းဆုံအနီးကို စစ်ကောင်စီတပ်သားတွေက ကား ၃ စီး အင်အား ၂၀ ခန့်နဲ့ ရောက်ရှိလာပြီး မိုင်းရှာဖွေရှင်းလင်းဖို့ လုပ်ဆောင်နေတာကို မြို့ပြပြောက်ကျားစစ်ဆင်ရေး တပ်ဖွဲ့က အသင့်စောင့်ဆိုင်းပြီး မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Kalay တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့က သတင်းရလို့ မိုင်းတွေ အသင့်တပ်ဆင်ထားတာ။ သူတို့ရောက်တာနဲ့ တပြိုင်နက် မိုင်းဆွဲပြီး ပြေးကြရတယ်။ ကျဆုံးမဆုံးတော့ အတည်ပြုလို့မရခဲ့ဘူး။ စစ်သား‌တွေဘက်က ၃ ယောက် လဲကျသွားတာတော့ မြင်ခဲ့တယ်။”

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် ထိမှန်လဲကျသွားခဲ့ပြီး မိုင်းခွဲခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထုံးစံအတိုင်း အနီးပတ်ဝန်းကျင်ကို ရမ်းကားပစ်ခတ်ခဲ့ကာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတချို့ကိုလည်း စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ အလုံ မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောနဲ့ စက်လှေတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၁ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Farmers Revolution Force (Chaung U) အဖွဲ့ တာဝန်ရှိသူတယောက်က “မင်းဒေါင့်ကနေ စစ်ကူလာတဲ့သင်္ဘောကို မိုင်းဆွဲတာဗျ။ ရေကြောင်းကနေ ရှေ့က ရှပ်ပြေးအမြန်ယာဥ် အစိမ်းတစီး ပါတယ်၊ နောက်က စပိဘုတ်တစီးပါတယ်။ အဲဒါကို ကျနော်တို့ဘက်က မိုင်းဆွဲတာ။ အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးနေတဲ့ဘက်ကို စစ်ကူသွားတာ။ သွားပြီးတော့ အင်အားတိုးပေးတဲ့စက်လှေကို ဆွဲလိုက်တာ။ အနောက်ဘက်ကိုကပ်ပြီးတော့ အင်အား ၃၀ လောက် ချသွားတယ်။ စက်လှေပေါ်မှာလည်း ပါသွားတယ်၊ ပြန်ပြီးတော့ များတယ်” လို့ ပြောပါတယ်။

စစ်သင်္ဘောကို Farmers Revolution Force (CHU) တပ်ရင်း ၈၊ ၉၊ ၁၀ နဲ့ ဗန္ဓုလအဖွဲ့တို့ ပူးပေါင်းပြီး မိုင်တဲမမအကြီးစား ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရှေ့ပွင့် ၇ လုံးနဲ့ ဆွဲလိုက်တာ၊ သူတို့အသွားကို ဆွဲလိုက်တာ။ အသေအပျောက်ကတော့ စုံစမ်းဆဲဗျ မသိရသေးဘူး၊ သင်္ဘောကတော့ ပေါက်သွားတယ်။ စက်လှေက  ဦးရော ချာချာလည်သွားသေးတယ်” လို့ Farmers Revolution Force (Chaung U) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြစ်ကြောင်းတလျှောက် အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်း တလျှောက်ကို ၆၀ မမ၊ ၄၀ မမ၊ စက်သေနတ် စတာတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလော စစ်ကောင်စီဘက်က အထိအခိုက် ကျဆုံးစာရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013