
ဧရာဝတီတိုင်းမှာ သီတင်းတပတ်အတွင်း ရခိုင်ပြည်နယ်က ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ရွှေသောင်ယံမြို့က ညိုချောင်းကျေးရွာနားမှာ စက်တင်ဘာ ၁၇ ရက်က ရိုဟင်ဂျာ အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်ဖမ်းဆီးခံရသလို မြောင်းမြမြို့နယ်က ငါးမြင်းချောင်းကျေးရွာမှာ စက်တင်ဘာ ၁၉ ရက်က ရိုဟင်ဂျာ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၆ ဦးဖမ်းဆီးခံခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေ ကပြောပါတယ်။
“မိတာကတော့ ဆက်တိုက်ပဲ တချို့သတင်းမထုတ်တာတွေလည်းရှိတယ်။ မိရင်တော့ လဝက ဥပဒေနဲ့ တရားစွဲထောင်ချတယ် အများဆုံး ၂ နှစ်ပေါ့ အရင်လိုတော့ ပြန်မပို့တော့ဘူး”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
မြောင်းမြမြို့နယ်ထဲမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေထဲက မြို့နယ်ကျန်းမာရေးဦးစီးဌာနက စစ်ဆေးချိန်မှာ ကိုဗစ်ရောဂါ အတည်ပြုလူနာ ၃ ဦးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ရွှေ့ပြောင်းလာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိရင် လဝက ဥပဒေနဲ့အရေးယူပြီး ထောင်ဒဏ်ချမှတ်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။