DVB Logo
Home
Lead Story
စစ်ကောင်စီဟာ ကိုဗစ်ကို ထွက်ပေါက်အဖြစ် သုံးလာနိုင်
DVB
·
September 20, 2022
စစ်ကောင်စီဟာ ကိုဗစ်ကို ထွက်ပေါက်အဖြစ် သုံးလာနိုင်
Donate to DVB

အာဏာသိမ်းတာကို အာဏာသိမ်းတယ်လို့ ယောက်ျားဆန်ဆန် မပြောဝံ့ဘဲ အာဏာထိန်းတယ်လို့ ပြောနေကြတာက မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တသိုက်ပဲ ဖြစ်တယ်ဆိုတာကို အာလုံးသိပြီး ဖြစ်ပါတယ်။ မင်းအောင်လှိုင်တို့ စစ်ခေါင်းဆောင်တသိုက်ကတော့ ဘာသစ္စာ၊ ဘာကတိမှ တည်ကြသူတွေ မဟုတ်ပါဘူး။

မင်းအောင်လှိုင်တို့ အာဏာသိမ်းစဉ်က ၂၀၀၈ ခြေဥပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကိုင်စွဲပြီး အာဏာသိမ်းခဲ့ပါတယ်။ ကာလုံလို့ အလွယ်ခေါ်ကြတဲ့ ဒီပြဋ္ဌာန်းချက်တွေထဲမှာ နိုင်ငံတော်သမ္မတကသာ ကာချုပ်ကို  တစိတ်တပိုင်း အာဏာခွဲဝေခြင်း၊ လွှဲပြောင်းပေးခြင်း ပြုနိုင်တာပါ။ ဒုသမ္မတကနေ အာဏာလွှဲပေးနိုင်တယ်လို့ တလလုံးတပါဒမျှ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ မင်းအောင်လှိုင်တို့ စစ်ခေါင်းဆောင်တစုကတော့ ဒုသမ္မတ ဦးမြင့်ဆွေကို လွှတ်တော်နှစ်ရပ်ရဲ့ သဘောတူညီချက်မပါဘဲ ယာယီသမ္မတလို့ ကောက်ကာငင်ကာ ကင်ပွန်းတပ်ပြီး ယာယီသမ္မတက အာဏာလွှဲပြောင်းပေးလို့ အာဏာထိန်းရပါတယ်လို့ လက်တလုံးခြား လိမ်လည်ပါတော့တယ်။

တကယ်တော့ အာဏာသိမ်းတဲ့နေ့ကစလို့ ၂၀၀၈ ခြေဥဟာ မြောင်းထဲရောက်ခဲ့ပြီး  ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မင်းအောင်လှိုင်တို့ တသိုက်ကတော့ ၂၀၀၈ ခြေဥကို  ဆက်လက် ဆုပ်ကိုင်ထားဆဲပါပဲ။ ဘာကြောင့် လွှတ်မချရဲလဲဆိုတော့ စစ်အာဏာရှင် လက်ဟောင်းနဲ့ လက်သစ်ကို ပေါင်းကူးပေးရာမှာ ၂၀၀၈ ခြေဥက အသုံးတည့်နေသေးလို့ပါပဲ။ ဒါကြောင့်လည်း ပေတံတချောင်းသဖွယ် ဆုပ်ကိုင်ပြီး ၂၀၀၈ အခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်တယ်၊ လုပ်ကိုင်တယ်နဲ့ တချိန်လုံး ဟစ်ကြွေးနေကြတာပါ။

သိပ်မကြာမီကာလမှာတော့ မင်းအောင်လှိုင်တို့ ကိုင်ထားတဲ့ ပေတံဟာ ကျိုးပဲ့ကျရတော့ အခြေအနေတွေ ရှိနေပါပြီ။ ၂၀၀၈ ခြေဥ၊ ပုဒ်မ အရ ၄၂၆ မှာက “အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်”လို့ အတိအလင်း ဖော်ပြထားတာပါ။ ဒါ့ကြောင့် မင်းအောင်လှိုင်တို့ မလှိမ့်တပတ်နဲ့ ဖွဲ့စည်းထားတဲ့ နစကဟာ ၂၀၂၃ ဖေဖော်ဝါရီလမှာ တရားဝင်ဖျက်သိမ်းရပါလိမ့်မယ်။ 

ရွေးကောက်ပွဲကျင်းပပေးရမယ့်နေ့ကိုတော့ ပုဒ်မ ၄၂၉ မှာ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည်”လို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ 

လတ်တလောအနေအထားအရ စစ်ကောင်စီဟာ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်မယ့် လက္ခဏာမရှိပါဘူး။ ဒေသအသီးသီးမှာ လက်နက်ကိုင် တော်လှန်ခုခံ‌မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအခြေအနေဟာ ရွေးကောက်ပွဲကျင်းပပြီး သမ္မတအဖြစ်နဲ့ အရှင်ထွက် ထွက်ချင်တဲ့ မင်းအောင်လှိုင်အတွက်တော့ စားရမှာလည်း သဲနဲ့ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနဲ့ ဝင်းဝင်း ဆိုတဲ့ အခြေအနေပါပဲ။ 

ရုရှားကို တတိယအကြိမ် သွားရောက်စဉ် ရုရှားသတင်းဌာန RIA ရဲ့ အင်တာဗျူးမှာ ရွေးကောက်ပွဲအခြေအနေကို မေးတဲ့အခါ မင်းအောင်လှိုင်က ဝေ့လည်ကြောင်ပတ်တွေပဲ ဖြေဆိုခဲ့ရတာပါ။ ဒါဟာ အကြားအလပ်မရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်လို့ လေလုံးထွားဖူးတဲ့ မင်းအောင်လှိုင်အတွက် ရင်ခံစရာ မေးခွန်းတွေကို ရင်ဆိုင်ခဲ့ရတာပါ။ မင်းအောင်လှိုင်တို့ စစ်အုပ်စုအနေနဲ့ သူတို့ကိုင်ထားတဲ့ ၂၀၀၈ ခြေဥပေတံအရ နစက ဖျက်သိမ်းပြီးရင် ဘာဆက်လုပ်မလဲဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုလာပါပြီ။ 

နစက ဖျက်သိမ်းပြီး ၆ လအတွင်း ရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် အကြမ်းဖက်သမားတွေကို မဆွေးနွေးဘူးလို့ ကြိမ်းဝါးထားတဲ့ ကိုယ့်တံတွေး ကိုယ်ပြန်မြိုပြီး တော်လှန်ရေးအင်အားစုတွေနဲ့ အလျင်အမြန်ဆွေးနွေးဖို့ပဲ ရှိပါတယ်။ ဒီလမ်းကို ခေါင်းမာတဲ့ စစ်အုပ်စုက ရွေးမယ်မဟုတ်ပါဘူး။ ဒါက သေချာပါတယ်။ ဒါဆိုရင် ရွေးကောက်ပွဲမလုပ်တော့ဘဲ အာဏာဆက်သိမ်းတယ်ကွာလို့ ပေါ်ပေါ်တင်တင် အတိအလင်းကြေညာပြီး မိုက်ဇာတ် ဆက်ခင်းမလား၊ ဆက်ခင်းဝံ့မလား။ ဒါကလည်း စောင့်ကြည့်ရမယ့် နောက်လမ်းကြောင်း တ‌စ်ကြောင်းဖြစ်ပါတယ်။ 

ဒီလိုမှ မဟုတ်ရင်တော့ မင်းအောင်လှိုင်တို့ အုပ်စုဟာ ရွေးကောက်ပွဲမကျင်းပမီမှာ ထိုးဇာတ်၊ လုပ်ဇာတ်တခုခင်းပြီး အသက်ရှူပေါက်ချောင်အောင် လုပ်ယူရမယ့် နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ အဲဒီထိုးဇာတ်၊ လုပ်ဇာတ်ကတော့ အခြားမဟုတ်ပါဘူး။ အားလုံးကြောက်တဲ့ ကိုဗစ်နဲ့ ဖြဲခြောက်သွားမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ စစ်ကောင်စီက ဝန်ကြီးဌာနပေါင်းစုံကို ချုပ်ကိုင်ပြီး ဖြစ်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်ပိုးတွေ့သူ စာရင်းဟာလည်း သူတို့လက်ထဲပဲ ရှိပါတယ်။ လိုသလို တိုးလို့ရသလို ကြိုက်သလို ကိန်းဂဏန်း ဖြည့်စွက်ကြတော့မှာပါ။ 

ကိုဗစ်ကို ထည့်သွင်း လုပ်ဇာတ်ခင်းပြီး ဒေသအသီးသီးကို လော့ဒေါင်းချထားရင် တည်ငြိမ်မှု အခိုက်အတန့်ရပြီး ရွေးကောက်ပွဲကို ဗြုန်းဆို ‌ကျင်းပလိုက်နိုင်ရင် ကိစ္စပြတ်ပြီလို့ စစ်ခေါင်းဆောင်တသိုက်က မှန်းဆထားပုံရပါတယ်။ ရပ်ရွာလုံခြုံရေး အကြောင်းပြပြီး သူတို့ အုပ်ချုပ်ရေးကို ကူပံ့ဖို့ တောင်းဆိုစဉ်က ထွက်မလာတဲ့ ဒေသခံတွေလည်း ကိုဗစ်အကြောင်းပြပြီး လော့ဒေါင်းဧရိယာ စောင့်ကြည့်ဖို့ဆိုရင် ကူညီလာနိုင်တယ်လို့ တွက်ဆထားဟန်ပါ။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလတုန်းကလို အမြို့မြို့အနယ်နယ်ကို လော့ဒေါင်းချလိုက်ရင် PDF တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း အခိုက်အတန့် ထိန်းချုပ်ထားနိုင်မယ်လို့ သုံးသပ်ထားပုံလည်း ရပါတယ်။ 

မင်းအောင်လှိုင်တို့ စစ်ခေါင်းဆောင်တသိုက်ဟာ ကိုဗစ်ကို သူတို့ရဲ့ ဗျူဟာတရပ်အဖြစ် အသုံးချဖို့ ရှိနေတာတော့ သေချာပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတချို့ထံက အတွင်းသတင်းတွေ ကြားသိရသလို ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ စစ်အုပ်စုဟာ လမ်းသွား လမ်းလာတွေကိုတားပြီး Mask ဖြန့်ဝေတာတွေလည်း လုပ်လာနေပါတယ်။ သူတို့ရဲ့ လက်ကိုင်တုတ်မီဒီယာတချို့ကလည်း ကိုဗစ်ပိုးတွေ့ စာရင်းကို စတင်ဖြန့်နေကြပါပြီ။ 

စစ်ကောင်စီရဲ့ လိုသလိုတိုး ကိုဗစ်ပိုးစာရင်းနဲ့ နိုင်ငံတဝန်းကို လော့ဒေါင်းချလိုက်မယ့် အခြေအနေ ကြုံလာရင် ဘယ်လို ကျော်ဖြတ်ကြမလဲလို့ ကြိုတင်မေးခွန်းထုတ် ပြင်ဆင်ကြရမှာကတော့ NUG နဲ့ တော်လှန်ရေး အင်အားစု အသီးသီးပဲ ဖြစ်ပါတော့တယ်။ 

စိုင်းမင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013