DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း မြို့ဝင်ဂိတ်များ၌ စစ်တပ်နှင့်ရဲ ငွေတောင်းကြမ်းသဖြင့် ကုန်တင်ယာဥ်အချို့ လုပ်ငန်းရပ်နား
DVB
·
September 18, 2022
ဧရာဝတီတိုင်း မြို့ဝင်ဂိတ်များ၌ စစ်တပ်နှင့်ရဲ ငွေတောင်းကြမ်းသဖြင့် ကုန်တင်ယာဥ်အချို့ လုပ်ငန်းရပ်နား
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ မြို့ဝင်ဂိတ်တွေ ရဲကင်းတွေနဲ့စစ်ဆေးဂိတ်တွေမှာ ကုန်တင်ယာဥ်မောင်းတွေကို စစ်တပ်နဲ့ ရဲအပါအဝင် ဌာနဆိုင်ရာက ငွေတောင်းကြမ်းလို့ ကုန်တင်ယာဥ်အချို့ လုပ်ငန်းရပ်နားကုန်တယ်လို့ ကုန်တင်ယာဥ်မောင်းတွေက ပြောပါတယ်။

ကုန်တင်ယာဥ်မောင်းတွေဟာ ယာဥ်ပိုင်ရှင်ဆီက ခေါက်ကြေးစနစ်နဲ့မောင်းနှင်ရပြီး လက်ရှိကာလမှာ စစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံပေးရတာကြောင့် တွက်ခြေမကိုက်တော့ဘဲ ကုန်ကားပြန်အပ်လိုက်ရတယ်လို့ ဓနုဖြူမြို့နယ်က ကားသမားတဦးက ပြောပါတယ်။

"အရင်က အသွားတခေါက် နှစ်သိန်း၊ အပြန်တခေါက် နှစ်သိန်းရတယ်။ ဟိုပေးဒီပေး၊ စပယ်ယာခ၊ ယာဥ်မောင်းခနုတ်ပြီး နှစ်သိန်းကျန်တယ်။ အခုငါးသောင်းကျန်ဖို့တောင် မလွယ်ဘူး။ ဧရာဝတီတိုင်းက ငွေတောင်းကြမ်းဆုံးပဲ၊ အဲ့ဒါကြောင့် ကားပြန်အပ်လိုက်တာ။" 

ဧရာဝတီတိုင်း အဝင်ဂိတ်ကပြီး မြို့နယ်အသီးသီးရှိ ဂိတ်အားလုံးကို ကုန်တင်ယာဥ်မောင်းတွေက ပေးရတာကြောင့် လုပ်အားခတောင် မကျန်တော့ဘူးလို့ ညောင်တုန်းမြို့နယ်မှ ယာဥ်မောင်းတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ပြောချင်တဲ့သဘောက ဂိတ်တိုင်းလိုလိုတောင်းတာ မပေးမနေရပဲ။ ပန်းတိုင်ဂိတ်မှာဆို ရဲရှိတယ်၊ မော်တော်ပီကယ်ရှိမယ်၊ စစ်သားရှိတယ်၊ အုပ်ချုပ်ရေးအဖွဲ့ရှိတယ်၊ အကုန်ပေးရတာ။ ဧရာဝတီတိုင်းက ဂိတ်တွေက ငွေတောင်းကြမ်းပြီး လူပါးဝဆုံး၊ မယုံရင်ကြိုက်တဲ့သူလာကြည့်။"

အချို့မြို့နယ်တွေမှာတော့ စစ်တပ်၊ ရဲ၊ စစစ၊ ထွေအုပ်၊ မော်တော်ပီကယ်အပြင် ပြည်သူ့စစ်တွေ လည်းရှိပြီး ငွေမပေးပါက ဆဲဆိုရန်လုပ်တယ်လို့ ယာဥ်မောင်းတဦးက သူ့အတွေ့အကြုံကို အခုလို ရှင်းပြပါတယ်။

"ရေနံမြေလမ်းဆုံမှာဆို ရဲဂိတ်ရှိတယ်၊ ထန်းတပင်ဂိတ်လည်းရဲရှိတယ်။ ဓနုဖြူဆို စစ်တပ်ရှိတယ်၊ ဧရာဝတီတံတား အတက်အဆင်းမှာ စစ်တပ်ရှိတယ်။ တခါတလေ ငွေတောင်းတာ ပြန်ကြည့်မိရင် လုပ်ပိုင်ခွင့်ရှိလို့ တောင်းတာကွလို့ ပြောတာ။" 

ဧရာဝတီတိုင်းအတွင်း ကုန်တင်ယာဥ်မောင်ေတွေဟာ ဂိတ်တခု၊ အဖွဲ့အစည်းတခုကို  တထောင်ကျပ်နှုန်း။ တရက်ကို အသွားနှစ်သောင်းခွဲနဲ့ အပြန်နှစ်သောင်းခွဲ လုပ်အားခထဲက ကုန်ကျနေတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။

စစ်တပ်နဲ့ရဲအပြင် ဌာနဆိုင်က ငွေတောင်းကြမ်းလို့ ယာဥ်မောင်းတွေ အလုပ်ရပ်နားထားသလို ယာဥ်တန်ပိုချိန်ခတွေနဲ့ ကုန်ပစွည်းအမှားအယွင်းဖြစ်ပါက ငွေကြေးကုန်ကျများတာကြောင့် ယာဥ်ပိုင်ရှင်တွေကလည်း ရပ်နားလာကြတယ်လို့ ယာဥ်ပိုင်ရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

"တန်ပိုချိန်တာ အရင်ကသုံးထောင်၊ အခုခြောက်ထောင်၊ ကုန်ပစွည်းအပေါ်မူတည်ပြီးပြောပြတာ။ ဒါက ပြဿနာမဟုတ်ဘူး၊ အဓိကပြဿနာက စစ်တဲ့အဖွဲ့မှာ  မူးရူးနေတဲ့ သူတွေပါလာရင် ကုန်တွေကို လှန်လျော ဖျက်ဆီးတာ။ တခါက ကျမ ယာဥ်မောင်းကောင်လေး စစ်သားသွားကြည့်မိ လို့ ရိုက်နှက်ပြီး အချုပ်ထဲ ထည့်မယ်လုပ်လို့ သိန်းသုံးဆယ်လောက်ကုန်သွားတယ်၊ အာ့ကြောင့် နားတာ။”

ဧရာဝတီတိုင်းက ကုန်တင်ယာဥ်မောင်းတွေနဲ့ယာဥ်ပိုင်ရှင်တွေဟာ အရင်အစိုးရလက်ထက် မိသားစုသဖွယ် လုပ်ကိုင်စားသောက်ကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ဆေးဂိတ်တွေမှာ နေရာဝင်ယူ ငွေကြေးအဆမတန်တောင်းတာကြောင့် အလုပ်လက်မဲ့ဖြစ်ကုန်တယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013