DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
September 14, 2022
ဘုတလင်တွင် စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ စစ်ကောင်စီက ဒီနေ့ စက်တင်ဘာ ၁‌၄ ရက် ညနေပိုင်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာကို မြို့အတွင်း လိုက်ကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီက ညမထွက်ရအမိန့်ကို ည ၈ နာရီကနေ မနက် ၃ နာရီ သတ်မှတ်ကြေညာတယ်လို့ ဆိုပါတယ်။

အခုလို ညမထွက်ရအမိန့် ထုတ်လိုက်တာကြောင့် ကုန်စိမ်းရောင်းဝယ်သူတွေအနေနဲ့ လုပ်ငန်းထိခိုက်မှုတွေ ဖြစ်နိုင်တယ်လို့ ကုန်စိမ်းရောင်းသူ ဈေးသည်တယောက်က ပြောပါတယ်။

“ကျမတို့က ကုန်စိမ်း၊ ဟင်းသီးဟင်းရွက်တွေကို မုံရွာသံလမ်းဈေးကို သွားဝယ်ရတယ်။ ရွာကနေ ည ၁၂ နာရီလောက် ရွာကနေ မုံရွာသံလမ်းဈေးကို စောစောသွားဝယ်ရတယ်။ အဲဒီကနေ မနက်အလင်းရောက် ရွာကိုပြန်လာ ဈေးရောင်းရတယ်။ အခုလို သူတို့က ညမထွက်ရအမိန့် ထုတ်လိုက်တော့ ကျမတို့ ကျမတို့ ကုန်ဈေးရောင်းတဲ့ မိသားစုတွေအတွက် စားဝတ်နေရေး ဘယ်လိုဖြေရှင်းရတော့မှာလဲ။ သူတို့က ညမထွက်ရအမိန့်ကို ဘယ်နေ့၊ ဘယ်ရက်ထိလို့လည်း ကန့်သတ်ထုတ်ပြန်တာလဲ မဟုတ်တော့ မိသားစု စားဝတ်နေရေးအတွက် အလွန်ပဲစိုးရိမ်နေရတယ်။”

ဘုတလင်မြို့နယ်မှာ ကုန်စိမ်းရောင်းသူတွေ များပြားသလို တခြား စိုင်ပြင်မြို့ကလာပြီး ဘုတလင်ကို ဖြတ်သန်းကာ မုံရွာမြို့ကို ကုန်စိမ်းဝယ်သူတွေလည်းရှိနေသလို ကနီမြို့နယ် ကနဲကနေ မုံရွာဘက်ကို လာရောက် ကုန်စိမ်းလာရောက်ဝယ်သူတွေလည်း ရှိတာကြောင့် အခက်အခဲရှိတဲ့ ကုန်စိမ်း‌ေရာင်းသူဦးရေ များနိုင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကားသမားတယောက်က “စစ်ကောင်စီအနေနဲ့ အခုလိုလုပ်လိုက်တော့ ကျနော်တို့ လိုင်းကားသမားတွေအနေနဲ့ အခက်အခဲ ဖြစ်သွားရတယ်။ ဘယ်လိုအခက်အခဲ ဖြစ်ရတာလဲဆိုတော့ ကျနော်တို့ဒေသတွေက ည ၁၂ နာရီကနေထွက်မှ မုံရွာကို မနက်ခင်း ၄ နာရီရောက်တယ်။ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေ ဈေးဝယ်ခြမ်းပြီး နေ့ခင်း ၁ နာရီ မုံရွာက ပြန်ထွက်ရတယ်။ အဲလိုထွက်လာမှ ရွာကို ညမှပြန်ရောက်တယ်ဗျ။ အခုလို စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်အရ အတော်လေး အခက်အခဲ ဖြစ်သွားရတယ်။ အခုတောင် ကျနော် ကားပေါ်မှာ ငှက်ပျောသီးကုန်တွေ တင်ထားပြီး ဒီနေ့ညကိုထွက်မလို့ စီစဉ်နေတုန်း ဘုတလင်မြို့က သူငယ်ချင်းက ဖုန်းနဲ့ပြောတော့ ဒီအတိုင်းပဲ နေရတော့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို ဘုတလင်မြို့နယ်တခုတည်းကို ညမထွက်ရအမိန့် ဘာကြောင့်ထုတ်ရတယ် ဆိုတာမျိုး ပြည်သူကို အသိပေးရှင်းပြတာမျိုး မပြုလုပ်ဘဲ ည ၈ နာရီကနေ မနက် ၃ နာရီအတွင်း အပြင်မထွက်ရ၊ ထွက်လာသူများရှိလာပါက ပစ်ခတ်ဖမ်းဆီးမယ် ဆိုတာမျိုးကိုပဲ မြို့ထဲလှည့်လယ် ကြေညာသွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013