DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်အမှု အောက်တိုဘာလဆန်းတွင် စီရင်ချက် ချမှတ်နိုင်
DVB
·
September 14, 2022
ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်အမှု အောက်တိုဘာလဆန်းတွင် စီရင်ချက် ချမှတ်နိုင်
Donate to DVB

ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်ရဲ့ အမှုကို စစ်ကောင်စီရဲ့ တံခါးပိတ်လျှို့ဝှက် တရားရုံးက လာမယ့် အောက်တိုဘာမှာ စီရင်ချက်အမိန့်ချမှတ်နိုင်တယ်လို့ ရှောင်တာနယ်ရဲ့ မိတ်ဆွေတွေက ခန့်မှန်းတဲ့အကြောင်း   Brisbane Time ဩစတြေးလျသတင်းမှာ ရေးသားဖော်ပြပါတယ်။

ပါမောက္ခရှောင်တာနယ်ကို အမိန့်ချပြီးနောက် ပြည်နှင်ဒဏ်ပေးကာ လေဆိပ်ကိုပို့လိုက်တာသာ သူ့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးဖြစ်သူ စီးပွားရေးပညာရှင် ရှောင်တာနယ်ဟာ အာဏာသိမ်းပြီးနောက် ၅ ရက်အကြာကတည်းက ဖမ်းဆီးထိန်းသိမ်းထားခံခဲ့ရတာဖြစ်ပါတယ်

ကိုလိုနီခေတ်တည်းအသုံးပြုခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့  သူ့ကို စစ်ကောင်စီက  ပြီးခဲ့တဲ့လမှာ ရုံးထုတ်တရားစွဲဆိုခဲ့ပြီး  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြား အရပ်သားအစိုးရဝန်ကြီး ၃ ဦးတို့ဘက်က အပြစ်မရှိကြောင်း ချေပလျှောက်ထားခဲ့ပါတယ်။

အဲဒီအမှုကို စစ်ကောင်စီက တံခါးပိတ်လျှို့ဝှက်ကာ စစ်ဆေးခဲ့တာဖြစ်ပြီး မတရားအနိုင်ကျင့် တရားစွဲဆိုခံရတဲ့ ရှောင်တာနယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေကိုလည်း မီဒီယာတွေနဲ့ စကားပြောခွင့်ပိတ်ထားပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ ဒီအမှုအတွက်နောက်ဆုံးစစ်ဆေးကြားနာမှုကို လာမယ့်အပတ်ထဲမှာ ဆောင်ရွက်သွားမှာဖြစ်ပြီး အောက်တိုဘာလဆန်းလောက်မှာ အမိန့်ချမယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လျှို့ဝှက်ခုံရုံးကတော့ မျှော်လင့်ထားတဲ့အတိုင်းအမိန့်ချမှာမဟုတ်ဘူးဆိုတာကို သိနားလည်ထားကြသလို နိုင်ငံတကာလေ့လာသူတွေကလည်း စစ်ကောင်စီက ရှောင်တာနယ်ကို ဖမ်းဆီးတရားစွဲဆိုတဲ့လုပ်ရပ်ဟာ အလွန်မှားယွင်းတယ်လို့ သတ်မှတ်ထားကြပါတယ်။

လျှို့ဝှက်တရားရုံးက အမိန့်ချချိန်မှာတော့ တောင်းဆိုထားကြတဲ့အတိုင်း ရှောင်တာနယ်ကို ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်နေကြဆဲဖြစ်ပါတယ်။

“သူ့ကို တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပြီး ချက်ချင်းပြည်နှင်ဒဏ်နဲ့ လေဆိပ်ကိုပို့လိုက်ဖို့ မျှော်လင့်ထားကြပါတယ်။ နိုင်ငံခြားသားတွေကို အဲဒီလိုပြစ်ဒဏ်ချမှတ်ပြီး ပြည်နှင်ခဲ့တဲ့ သာဓကတွေလည်းရှိခဲ့ဖူးပါတယ်။ သူ့မိသားစုအတွက်ကတော့ အဲဒီရလဒ်က အကောင်းဆုံးဖြစ်လိမ့်မယ်။” လို့ ရှောင်တာနယ်ရဲ့ မိတ်ဆွေကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်သတင်းထောက် ဒန်နီဖန်စတာဟာလည်း မြန်မာစစ်တပ်ကို အကြည်ညိုပျက်စေရန်လှုံ့ဆော်မှု၊ လူဝင်မှုကြီးကြပ်ရေးစည်းကမ်း ဖောက်ဖျက်မှုတွေနဲ့ အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ၃ ရက် အကြာမှာတော့ ပြန်လွှတ်ပေးကာ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ 

ရှောင်တာနယ်ကတော့ သူ့အမှုကို လျှို့ဝှက်တရားရုံးက အမိန့်ချမယ့်အချိန်ထိ ထောင်ထဲမှာ စောင့်နေရဆဲဖြစ်ပါတယ်။ ဖမ်းဆီးခံရချိန်မှာ သူနဲ့အတူတွေ့ရှိခဲ့တယ်ဆိုတဲ့ စာရွက်စာတမ်းတွေဟာလည်းတကယ်မှာ လျှို့ဝှက်စာရွက်စာတမ်းတွေမဟုတ်ဘဲ အဲဒီအချိန်က အစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အကြံပေးချက်တွေသာဖြစ်တယ်လို့ ချေပလျှောက်ထားခဲ့ကြောင်းလည်း သတင်းတွေအရ သိရပါတယ်။ 

ရှောင်တာနယ်ရဲ့ လွတ်မြောက်ဖို့အတွက် ဩစတြေးလျအစိုးရက အခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားကို ကိုယ်စားတောင်းဆိုပေးဖို့ တိုက်တွန်းအကူအညီတောင်ခံထားပါတယ်။

အခုလတ်တလောမှာလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ရှောင်တာနယ်ကိုလွှတ်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အဲဒီအချိန်က ရုရှားကနေပြန်ရောက်တာမကြာသေးတဲ့ မင်းအောင်လှိုင်က နိုလင်းဟေဇာရဲ့ တောင်းဆိုချက်ကို လစ်လျူရှုထားတယ်လို့ ဆိုပါတယ်။

ဩစတြေးလျဟာ သက်တမ်းကုန်လို့ပြန်သွားတဲ့ သံအမတ်နေရာမှာ ပြန်လည်အစားထိုးခြင်းမရှိဘဲ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်နှိမ့်လိုက်တဲ့အပေါ်မှာလည်း စစ်ကောင်စီက ကျေနပ်မှုမရှိပါဘူး။ ရှောင်တာနယ် အရေးရှိနေသေးတာကြောင့် အနောက်နိုင်ငံတွေလို မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့တာတွေတော့ ဩစတြေးလျက ဆောင်ရွက်ခြင်းမရှိသေးပါဘူး။ 

အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်ဟာ ရာထူးအမြင့်ဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ သူ့ရဲ့ခင်ပွန်းတို့ကို မှတ်ပုံတင်ထားတဲ့လိပ်စာနဲ့ မတူတဲ့လိပ်စာမှာနေထိုင်တာကြောင့် စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပါတယ်။

ဗစ်ကီဘိုးမန်းဟာ ဗြိတိန်အစိုးရရဲ့တာဝန်တွေထမ်းဆောင်နေစဉ်တည်းက Myanmar Centre for Responsible Business အမည်နဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေမှာ တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းရဲ့ ဒါရိုက်တာအဖြစ်တာဝန်ယူကာ မြန်မာ့စီးပွားရေးအတွက် ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။ 

“မြန်မာ့စီးပွားရေးနဲ့ အဖွဲ့အစည်းတွေကြား ညှိနှိုင်းမှုတွေမှာ တိုးတက်အောင်ကူညီပေးနိုင်တဲ့ ဗစ်ကီဘိုးမန်းနဲ့  မြန်မာ့စီးပွားရေးပြန်ဦးမော့လာအောင် ကူညီပေးနိုင်တဲ့ပညာရှင် ရှောင်တို့လို လူတွေကို အခုလိုဖမ်းဆီးလိုက်တာဟာ တရားရေးနဲ့ လူ့အခွင့်ရေးရှုထောင့်တွေကကြည့်ရင် မှားယွင်းရုံသာမကပဲ ဒီလုပ်ရပ်တွေဟာ စစ်ကောင်စီအတွက် ကိုယ့်ကိုယ်ကို အားနည်းသွားစေတဲ့ လုပ်ရပ်တွေဖြစ်တယ်” လို့ အမေရိကန် ကိုလံဘီယာတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခနဲ့ အောက်စဖို့တက္ကသိုလ် ဥပဒေအထူးပြုမဟာဌာန ပါမောက္ခ ဟားကော့က ပြောပါတယ်။ 

Photo-  Brisbane Time

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013