DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်ကောင်စီက လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့သည့် အစီရင်ခံစာ HRW ထုတ်ပြန်
DVB
·
September 13, 2022
နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်ကောင်စီက လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့သည့် အစီရင်ခံစာ HRW ထုတ်ပြန်
Donate to DVB

အာဏာသိမ်းမှုကိုဆန့်ကျင်တာကြောင့် ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေအပေါ်  မြန်မာစစ်တပ်က လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်ခဲ့တဲ့ အကြောင်း အသေးစိတ် အစီရင်ခံစာကို  လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူ ၆ ဦးရဲ့ အမှုဖြစ်စဉ်ကို အသေးစိတ်ဖော်ပြထားရာမှာ တစ်ခုကတော့ စုအသက်မွေးဝမ်းကျောင်းသင်တန်းတာဝန်ခံ အန်အယ်လ်ဒီပါတီဝင် အသက် ၄၆ နှစ်အရွယ် ဦးဇော်မြတ်လင်း သေဆုံးမှုပဲဖြစ်ပါတယ်။

ဦးဇော်မြတ်လင်းကို ရန်ကုန်ကသူ့ရဲ့အိမ်မှာ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက် ညပိုင်း စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပြီး နောက်နေ့မနက်မှာ အလောင်းလာယူဖို့ မိသားစုတွေကို အကြောင်းကြားခဲ့တာပါ။

သေဆုံးပြီးနောက်ရိုက်ယူထားတဲ့ ဦးဇော်မြတ်လင်းရဲ့ ဓာတ်ပုံတွေအရ ရုပ်အလောင်းမှာ လျှာအနေအထားပျက်နေတာ၊ သွားတွေမရှိတော့တာ၊ မျက်နှာအရေပြားတွေကွာနေတာ၊ ခန္ဓာကိုယ်တခြမ်းမှာအညိုအမည်းတွေစွဲနေပြီး ဗိုက်မှာလည်း ပြန်ချုပ်ထားတဲ့ ချုပ်ရာကိုတွေ့ခဲ့ရ ပါတယ်။ 

အစီရင်ခံစာပါ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသူ နောက်ထပ် ၅ ဦးကတော့ ပန်းဘဲတန်းမြို့နယ် အန်အယ်လ်ဒီရပ်ကျေးဥက္ကဋ္ဌဖြစ်သူ အသက် ၅၈ နှစ်အရွယ်ရှိ ဦးခင်မောင်လတ်၊ မန္တလေးမြို့မှ အန်အယ်လ်ဒီပါတီဝင် ပရဟိတသမားဖြစ်သူ အသက် ၄၈ နှစ်အရွယ်ရှိ ဦးသန်းထွန်းဦး (ခ) ကိုဖက်တီး၊ အသက် ၄၃ နှစ်အရွယ်ရှိ ကဗျာဆရာ ခက်သီ၊ အသက် ၅၂ နှစ်အရွယ်ရှိ ဦးတင်မောင်မြင့်နဲ့  အသက် ၅၅ နှစ်အရွယ်ရှိ ဦးကျော်ဆွေငြိမ်းတို့ ဖြစ်ကြပါတယ်။

အဲဒီထဲက ၅ ဦးဟာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂၄ နာရီအတွင်းမှာ နှိပ်စက်သတ်ဖြတ်ခံခဲ့ရကာ ဦးကျော်ဆွေငြိမ်းကတော့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်လအကြာမှာ သေဆုံးခဲ့တာပါ။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ မှတ်တမ်းတင်ထားခဲ့တဲ့   ၆ ဦးရဲ့ သေဆုံးမှုဟာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ ဖမ်းဆီးခံသူအရေအတွက် အများကြီးထဲက အနည်းအကျဉ်းသာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)  သုတေသီ ဒေါ်မန်နီမောင်က ပြောပါတယ်။

စစ်ကြောရေးမှာနှိပ်စက်ခံရပြီးသေဆုံးခဲ့တဲ့အမှုတွေကို စစ်ဆေးတာ၊ တာဝန်ရှိသူတွေကို အပြစ်ပေးခြင်း မရှိတာတွေဟာ စစ်ကောင်စီလက်အောက်မှာ မထူးဆန်းဘူးလို့လည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကိုဆန့်ကျင်တာကြောင့် ဖမ်းဆီးခံရသူ ၁၅၀၀၀ ကျော်နဲ့ သေဆုံးခဲ့သူ ၂၂၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဆန္ဒပြမှုတွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေပပျောက်ရေးအတွက် မြန်မာစစ်တပ်ဟာ ကိုယ့်နိုင်ငံသား အရပ်သားတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ၊ နေအိမ်တွေနဲ့ ဆိုင်တွေကို ဖျက်ဆီးတာတွေ၊ ရွာလုံးကျွတ်မီးရှို့ပစ်တာတွေကို နေ့စဉ်လုပ်ဆောင်နေတာပါ။

ဒါ့အပြင်စိတ်ထင်တိုင်းဖမ်းဆီးမှုနဲ့ ညဘက်တွေမှာအိမ်တွင်းကျူးကျော်ဝင်ရောက်ဖမ်းဆီးမှုတွေ မြန်မာနိုင်ငံမှာရှိနေသေးတာကြောင့် တချို့အမှုတွေအကြောင်းကို မျက်မြင်သက်သေတွေက ပြောရမှာကြောက်ရွံ့နေကြပါတယ်။

အဲဒါကြောင့် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်တာခံရလို့ သေဆုံးခဲ့ရသူ အနည်းဆုံး ၆၉၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကပြောပေမယ့် အခုချိန်ထိ ၆ ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေပဲရနိုင်သေးတယ်လို့ ဒေါ်မန်နီမောင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဟာ ထိတ်လန့်စရာကောင်းပေမဲ့ မထူးဆန်းကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ နှိပ်စက်ခံရတာတွေကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားကြောင်းနဲ့ စစ်ကြောရေးမှာ ဘယ်လို လူမဆန်တဲ့နည်းတွေနဲ့ နှိပ်စက်ခံခဲ့ရတာကို ပြန်လည်လွတ်မြောက်လာသူတွေက ပြောပြခဲ့တဲ့ သက်သေတွေရှိတယ်လို့လည်း  ဒေါ်မန်နီမောင်က အစီရင်ခံစာမှာ ပြောပါတယ်။

Photo -HRW 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013