DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းပုဂ္ဂလိကဘဏ်များက Visa, Master ကတ်အသစ်လျှောက်ထားမှု တင်းကျပ်
DVB
·
September 8, 2022
ပြည်တွင်းပုဂ္ဂလိကဘဏ်များက Visa, Master ကတ်အသစ်လျှောက်ထားမှု တင်းကျပ်
Donate to DVB

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တွေက အမေရိကန်ဒေါ်လာသုံး Visa card နဲ့ Mastercard တွေအတွက် ကတ်အသစ်လျှောက်ထားတဲ့ ဝန်ဆောင်မှုကို အရင်ကထက် စည်းကမ်း တင်းကျပ်လိုက်တယ်လို့ ဘဏ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ ပြည်ပရောက်တဲ့အခါ နိုင်ငံခြားငွေနဲ့ အသုံးပြုနိုင်ဖို့အတွက် Visa card နဲ့ Mastercard တွေကို ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်ကြီးတွေက ထုတ်ဝေထားပြီး ဝန်ဆောင်မှု ပေးနေတာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ Visa card နဲ့ Mastercard တွေအတွက် ကတ်အသစ် လျှောက်ထားမှု များလာတဲ့အတွက် ပုဂ္ဂလိကဘဏ်တွေဟာ အရင်ကထက် စည်းကမ်း ပိုမိုတင်းကျပ်လာတာပါ။

ပုဂ္ဂလိကဘဏ်ကြီးတွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတယောက်က “ဒါနဲ့ပတ်သက်လို့ ဗဟိုဘဏ်ကနေ သီးသန့်ထုတ်ပြန်ထားတာတော့ မရှိဘူးဗျ။ သို့သော် သက်ဆိုင်ရာဘဏ်တွေရဲ့ ပေါ်လစီအရပေါ့နော်။ သူ့ဟာနဲ့သူ အချိတ်အဆက် ရှိနေကြတဲ့ လူတွေကိုတော့ လုပ်ပေးတာမျိုးတွေ ရှိတယ်လို့ ကြားသိရတယ်။ ဆိုလိုတာက အရမ်းရင်းနှီးတဲ့သူတွေပေါ့ဗျာ။ ဒါပေမဲ့ General public ကိုတော့ အရင်လို လျှောလျှောရှူရှူ သူတို့ မပေးတော့ဘူး။ ဘာကြောင့်လဲဆို ကျနော်ကြားတာက တယောက်တည်းနဲ့ ကတ် ၁၀ ကတ်လောက်လုပ်ပြီး သုံးတာမျိုးတွေ ရှိလာလို့တဲ့။ ပြောချင်တာက ဒီဘဏ်မှာ တကတ်ယူမယ်။ နောက်ဘဏ်မှာ တကတ်ယူမယ်။ ဒါမျိုးပေါ့နော်။ ဒါကြောင့် ဘဏ်တွေက အရင်ကထက် စည်းကမ်း ပိုတင်းကျပ်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာလည်း ပြည်ပရောက် မြန်မာတွေဟာ Visa card၊ Mastercard တွေကိုသုံးပြီး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ငွေသားထုတ်ယူမှု များလာတဲ့အတွက် ပုဂ္ဂလိကဘဏ်ကြီးတွေက ငွေသားထုတ်ယူမှုကို ကန့်သတ်ထားပါတယ်။

Visa၊ Mastercard သုံးစွဲသူ လုပ်ငန်းရှင်တယောက်ကလည်း “Visa card တို့ Mastercard တို့ဆိုတာက prepaid သဘောမျိုး ပေးထားတာလေ။ အဲ့တော့ ဘာလုပ်လို့ရလဲဆိုရင် ဒီမှာ ကျပ်ငွေနဲ့ ထည့်ပြီးတော့ ပြည်ပရောက်တဲ့အခါ ငွေသား(ဒေါ်လာ) ထုတ်ကြတာပေါ့။ ထုတ်တဲ့အခါ အရင်ကတော့ တရက်ကို ဒေါ်လ ၁၀၀ နဲ့ တပတ်ကို ဒေါ်လာ ၅၀၀ ဆိုပြီး ပေးတယ်။ အခုတော့ တပတ်ကို ဒေါ်လာ ၁၀၀ သာပေးတော့တယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက တဒေါ်လာကို ၂,၁၀၀ ကျပ်နှုန်း (official rate) နဲ့ ဒီမှာလုပ်ပြီး ဟိုရောက်တော့ ငွေသား (ဒေါ်လာ) ပြန်ထုတ်ကြတယ်။ အဲဒါမျိုး လုပ်ကြတာ များလာတဲ့အတွက် ဘဏ်က နစ်နာလို့ဆိုပြီး ကန့်သတ်လိုက်တာ။ ဒါပေမဲ့ နိုင်ငံခြားမှာ ဆေးကုတာတို့ ဘာတို့ ဒီလိုကုန်ကျစရိတ်အတွက်တော့ မကန့်သတ်ထားဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗဟိုဘဏ်က ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွက် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း တဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ပြင်ပဈေးကွက်မှာတော့ အမေရိကန်တဒေါ်လာ ဈေးနှုန်းက ၃,၅၀၀ ကျပ်နဲ့ ၃,၇၀၀ ကျပ်အကြားမှာ ရှိပြီး အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ ဒါကြောင့် ဈေးကွက်မှာ နိုင်ငံခြားငွေလဲနှုန်း ကွာဟချက် ကြီးလာတဲ့ အကျိုးဆက်ကြောင့် အခုလို အခြေအနေတွေ ရှိလာတာပါ။

စစ်တပ်က အာဏာမသိမ်းမီ ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန် တဒေါ်လာ တန်ဖိုးက ကျပ် ၁,၃၀၀ နဲ့ ၁,၄၀၀ အကြားမှာ အရောင်းအဝယ် ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်) နောက်ပိုင်း မြန်မာကျပ်ငွေအပေါ် အယုံအကြည်နည်းလာတဲ့ အကျိုးဆက်ကြောင့် ကျပ်ငွေတန်ဖိုးဟာ ဆက်တိုက် ကျဆင်းလာခဲ့ရပြီး ပြင်ပဈေးကွက်မှာ အမေရိကန်တဒေါ်လာ တန်ဖိုးက ကျပ် ၄,၀၀၀ စွန်းစွန်းထိ အမြင့်ဆုံး စံချိန်တင် ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013