DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ် စီပါရွာအနီး တိုက်ပွဲဖြစ်ပွား
DVB
·
September 8, 2022
ဘုတလင်မြို့နယ် စီပါရွာအနီး တိုက်ပွဲဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာအနီးမှာ ဒီနေ့ စက်တင်ဘာ ၈ ရက် မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ ဘုတလင်မြို့ကနေ ကူတော်ရွာကို သွားနေရင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အခုလို တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။

ဘုတလင်ဒေသခံ ရွာသားတယောက်က “စီပါရွာအနီးမှာ ဖြစ်နေကြတာ။ လက်နက်သံတွေကတော့ ဆူညံနေတုန်းပဲ။ မိုင်းကွဲသံတွေရော၊ စက်လက်သံတွေရော ကြားနေရတယ်။ တိုက်ပွဲက ရုတ်တရက်ကြီး ဖြစ်တာဆိုတော့ ဒေသခံတွေ ပိတ်မိတာတွေလည်း ရှိနိုင်တယ်။ အခုထိ တိုက်ပွဲက မပြီးသေးဘူးဆိုတော့ အထိအခိုက်၊ အပျက်အစီးတွေကို ဘာမှ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲမှာ စစ်ကောင်စီအင်အား ၁၅၀ နဲ့ စစ်ကြောင်းသုံးကြောင်းခွဲလာပြီး အကျအဆုံးများစွာနဲ့ ဘုတလင်ဘက် ပြန်ဆုတ်သွားတယ်လို့ ဘုတလင်ဒုံးပျံအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

“သူတို့က ဘုတလင်စခန်းကနေ ကူတော်စခန်းကို ခြေလျှင်စစ်ကြောင်းတကြောင်း ပထမ စထွက်တယ်။ နောက်တော့ အဲဒီစစ်ကြောင်းနောက်ကို ထပ်ပြီး ခြေလျှင်တကြောင်း ထပ်လိုက်တယ်။ အဲဒီကနေ စီပါအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာဗျ။ နောက်တကြောင်းကတော့ ဘုတလင်-မောင်းထောင်-ကူတော် ကတ္တရာလမ်းအတိုင်း စစ်ကားသုံးစီးနဲ့ ထပ်ထွက်လာတယ်။ အဲ့ကားကိုလည်း မိုင်းဆွဲလိုက်တာ ကားတစီးကတော့ အတော်လေး ပျက်စီးတယ်။ ကားပေါ်မှာပါတဲ့ စ(--)တွေလည်း အတော်လေး ထိခိုက်သွားတယ်။ အဲလိုဖြစ်ပြီး ကူတော်ရွာဘက် မသွားတော့ဘဲ ဘုတလင်မြို့ဘက် ပြန်မောင်းပြေးသွားတယ်။”

နှစ်ဖက်အကျအဆုံး အထိအခိုက် အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်ကတော့ အခုစက်တင်ဘာလ ပထမအပတ်မှာတင် ဘုတလင် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ၆ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က မောင်းထောင်ရွာနဲ့ တွင်းရွာကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခု ဒီနေ့ စီပါရွာအနီး တိုက်ပွဲဟာ မပြီးဆုံးသေးဘဲ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေဆဲပဲလို့ ဘုတလင်‌မြို့နယ် ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013