DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ဘယ်ဘက်ကရပ်မလဲဟု အာဆီယံကို မလေးရှားဝန်ကြီး မေးခွန်းထုတ်
DVB
·
September 7, 2022
မြန်မာ့အရေး ဘယ်ဘက်ကရပ်မလဲဟု အာဆီယံကို မလေးရှားဝန်ကြီး မေးခွန်းထုတ်
Donate to DVB

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အရေးတကြီး သဘောထားဖို့လိုတဲ့အကြောင်းနဲ့ အာဆီယံအဖွဲ့အနေနဲ့ ဘယ်ဘက်ကနေ ရပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး  ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ရိုဟင်ဂျာကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ Rabbaniyah ပညာရေးစင်တာကို လာရောက်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ ဘယ်ဘက်မှာရပ်မလဲဆိုတာကို အာဆီယံက ဆုံးဖြတ်ဖို့ လိုပါတယ်။ စစ်ကောင်စီနဲ့ ဆက်ပြီးလက်တွဲမလား၊ ဒါမှမဟုတ် မှန်မှန်ကန်ကန် လုပ်နေကြတဲ့လူတွေကို ထောက်ပံ့ကူညီပေးမလား ဆိုတာကို အာဆီယံက ဆုံးဖြတ်ရပါမယ်။ ဒါတွေက အရေးတကြီး ဆုံးဖြတ်ဖို့လိုနေတဲ့ မေးခွန်းတွေဖြစ်ပါတယ်” လို့  ဆိုင်ဖူဒင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ် ပြောင်းလဲနေမှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ သတင်းဖြန့်ဖြူးရာမှာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေနဲ့ အရေးတကြီးသဘောထားပြီး အခုထက် ပိုမိုစွမ်းဆောင်နိုင်ဖို့လိုတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အာဆီယံအဖွဲ့ရုံးကနေ မသိရဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သောလူမှုကူညီရေးအဖွဲ့အစည်းတွေ (NGOs) ဆီကနေတဆင့် သူကိုယ်တိုင်ရော တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေပါ ကိုယ်ပိုင်နည်းလမ်း ကိုယ်ပိုင်အဆက်အသွယ်တွေနဲ့သာ ရရှိနေကြတာလို့ သူက ပြောပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို အသိပေးဖို့ အာဆီယံအတွင်းရေးမှူးချုပ်ဆီကို စက်တင်ဘာ ၃ ရက်နေ့က စာရေးပေးပို့ထားကြောင်းနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပဋိပက္ခတွေဖြေရှင်းပေးဖို့ အချိန်ပြည့်တာဝန်ထမ်းဆောင်မယ့် အဖွဲ့တဖွဲ့လည်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာရှိနေဖို့လိုတယ်လို့ အကြံပြုပါတယ်။

မြန်မာ့အရေး အပြောင်းအလဲတွေကို အစည်းအဝေးတွေကျမှ သိရတာဟာ နည်းလမ်းမကျကြောင်းနဲ့ မြန်မာ့အရေး ပြောင်းလဲနေတဲ့အခြေအနေတွေကို သိရဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးအထိ စောင့်မနေနိုင်ကြောင်း ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အလျင်အမြန်ပေးအပ်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အလျင်အမြန်ဖော်ဆောင်နိုင်ဖို့ ဖိအားပေးဖို့ကိုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို တောင်းဆိုထားပါတယ်။

တချို့ လူမှုကူညီရေးအသင်းအဖွဲ့တွေက စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေအပေါ် အယုံအကြည်မရှိကြဘဲ ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြတာကြောင့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ရာမှာ စစ်ကောင်စီတပ်ကနေတဆင့်  ပေးပို့နေကြဦးမှာလား ဆိုတာကို ပြန်စဉ်းစားကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ဝန်ကြီး ဆိုင်ဖူဒင်က တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က လူမျိုးတုံးရှင်းလင်းရေးဆောင်ရွက်ခြင်း ၅ နှစ်မြောက် အထိမ်းအမှတ်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စီစဉ်ကျင်းပတဲ့ အခမ်းအနားလည်း တခုမှ မရှိခဲ့ကြောင်းနဲ့ NGO တွေနဲ့ ရိုဟင်ဂျာတွေကိုယ်တိုင် ကျင်းပတဲ့ အခမ်းအနားတွေကိုသာ တက်ရောက်ခဲ့ရတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013