DVB Logo
Home
မြန်မာသတင်း
RCSS/SSA နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဆွေးနွေး
DVB
·
September 1, 2022
RCSS/SSA နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဆွေးနွေး
Donate to DVB

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်နဲ့ နေပြည်တော်ကို ဒုတိယအကြိမ် ရောက်ရှိနေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPNC) နဲ့ ဩဂုတ် ၃၀ ရက်မှ ဒီကနေ့ထိ ၃ ရက်တာ တွေ့ဆုံဆွေးနွေးနေပါတယ်။

RCSS/SSA ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်၊ အတွင်းရေးမှူး-၁ စဝ်စိုင်းငင်းနဲ့ ဗဟိုကော်မတီဝင် စဝ်ဆောင်းဟန်တို့ ဦးဆောင်ပြီး NSPNC ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ ဦးဆောင် ဆွေးနွေးနေကြတာပါ။

ဆွေးနွေးပွဲမှာ အဓိကအားဖြင့် ဖက်ဒရယ်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်၊ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးနေတယ်လို့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။

“အဓိကဆွေးနွေးနေတာကတော့ အချက် ၆ ချက် ရှိပါတယ်ခင်ဗျ။ လုပ်ငန်းဖော်ဆောင်မယ့် အဆင့်တွေ အသေးစိတ် ဆွေးနွေးနေတယ်။ စစ်ဘေးရှောင်ပြည်သူတွေ ကူညီရေးကတော့ အသေးစိတ် မဆွေးနွေးသေးဘူး။ ဒေသဖွံ့ဖြိုးရေးကတော့ အရင်တုန်းက ကျိုင်းတုံမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရထားတဲ့ထဲက မိန်းထော်၊ မိန်းထ အပါအဝင် ဒေသဖွံ့ဖြိုးရေးတွေ ပါပါတယ်။”

NSPNC နဲ့ ခုတကြိမ်ဆွေးနွေးပွဲ ပထမနေ့ ဩဂုတ် ၃၀ ရက်မှာ RCSS/SSA ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်စစ်က “ငြိမ်းချမ်းရေးဆိုတာ အလွယ်တကူတည်ဆောက်လို့ မရနိုင်ကြောင်း၊ အဓိကမှာ ယုံကြည်မှုဖြစ်ပြီး ယုံကြည်မှုမရှိရင် စည်းလုံးမှုမရှိ၊ မစည်းလုံးက ငြိမ်းချမ်းရေး အောင်မြင်မှာမဟုတ်၊ ငြိမ်းချမ်းရေး အောင်မြင်ဖို့ အဖွဲ့အစည်းတိုင်း ပါဝင်မှသာ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် “နိုင်ငံရေးပြဿနာရှိနေရင် တိုင်းပြည်မတည်ငြိမ်၊ တိုင်းပြည်မတည်ငြိမ်က ပြဿနာ အမျိုးမျိုး ကြုံတွေ့ပြီး ပြည်သူတွေ စားဝတ်နေရေး ထိခိုက်ကြောင်း၊ ပြည်သူ့စားဝတ်နေရေး ပြဿနာက နိုင်ငံရေးကို ပြန်ထိခိုက်ပြီး အဘက်ဘက်ကျဆင်းကြောင်း၊ ဒါကြောင့် နိုင်ငံနဲ့ ပြည်သူအကျိုးကို ရှေးရှုပြီး နိုင်ငံရေးပြဿနာကို ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းဖို့၊ လက်နက်နဲ့ ဖြေရှင်းခဲ့တာ နှစ်ပေါင်း ၇၀ ကြာလည်း မအောင်မြင်တာ သက်သေပဲ” လို့ ပြောခဲ့ပါတယ်။

ဒုတိယနေ့ဆွေးနွေးပွဲမှာ NSPNC ဘက်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁/၂/၃ ပါ သဘောတူညီချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ လေ့လာစိစစ်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ တတိယနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့တော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနှစ်ဆန်းပိုင်းက ကမ်းလှမ်းခဲ့ပြီး ပထမအကြိမ် တွေ့ဆုံမှုမှာ RCSS/SSA ရှမ်း၊ UWSA ဝ၊ PNO ပအိုဝ်း၊ MNDAA မိုင်းလား၊ KNU/KNLA ကရင်၊ DKBA ကရင်၊ NMSP မွန်၊ LDU လားဟူ၊ SSPP/SSA ရှမ်းနဲ့ ALP ရခိုင် စတဲ့ လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013