DVB Logo
Home
မြန်မာသတင်း
ကုန်ဈေးနှုန်းနှစ်ဆမြင့်လာသဖြင့် အခြေခံလူတန်းစားများ အနေအစားဆင်းရဲသည့်ဘဝ ဖြတ်သန်းနေရ
DVB
·
August 30, 2022
ကုန်ဈေးနှုန်းနှစ်ဆမြင့်လာသဖြင့် အခြေခံလူတန်းစားများ အနေအစားဆင်းရဲသည့်ဘဝ ဖြတ်သန်းနေရ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ခွဲ ကာလမှာ ကုန်ဈေးနှုန်းက နှစ်ဆ မြင့်တက်လာပေမဲ့ လခစား ဝန်ထမ်းတွေရဲ့ လစာနှုန်းကတော့ ကုန်ဈေးနှုန်းနဲ့အညီ ပြောင်းလဲမှုမရှိတာကြောင့် အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဘဝကိုဖြတ်သန်းနေရတယ်လို့ အခြေခံလခစား လူတန်းစားတွေက ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းမီ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ) အစောပိုင်းကာလမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်ဈေးနှုန်းက ရွှေဘိုပေါ်ဆန်း(ရှယ်) တအိတ်ကို ကျပ် ၅၀,၀၀၀ ခန့်နဲ့ ဧရာပေါ်ဆန်း(ရှယ်) တအိတ်ကို ကျပ် ၄၀,၀၀၀ ဝန်းကျင်ရှိပြီး မနောသုခ(ဆန်ကြမ်း)က တအိတ်ကို ကျပ် ၂၅,၀၀၀ ခန့်သာ ရှိပါတယ်။ အလားတူ ဆီဈေးနှုန်းကလည်း စားအုန်းဆီ ၁ ပိဿာကို ကျပ် ၅,၀၀၀ အောက်သာရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ခွဲအကြာ လက်ရှိအချိန်မှာတော့ ရွှေဘိုပေါ်ဆန်း(ရှယ်) တအိတ်ကို ကျပ် ၁၀၀,၀၀၀ ဝန်းကျင် နဲ့ ဧရာပေါ်ဆန်း(ရှယ်) ၉၀,၀၀၀ ခန့်ရှိပြီး မနောသုခ(ဆန်ကြမ်း)က တအိတ်ကို ၅၁,၀၀၀ ကျပ် ရှိပါတယ်။ အလားတူ စားအုန်းဆီဈေးကလည်း ၁ ပိဿာကို ကျပ် ၁၁,၀၀၀ ရှိတာကြောင့် အခြေခံ ဆန်နဲ့ ဆီဈေးနှုန်းက ယခင်ကထက် နှစ်ဆ မြင့်တက်လာပါတယ်။ 

အခြေခံစားသောက်ကုန်တွေ အခုလို အဆမတန်မြင့်တက်လာရအတဲ့အကြောင်းရင်းက စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် လူထုက ကျပ်ငွေအပေါ် အယုံအကြည်နည်းလာတဲ့အပြင် စစ်ကောင်စီရဲ့ မဆင်မခြင် ငွေကြေးရိုက်ထုတ်မှုကြောင့်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းလာရပါတယ်။ 

စီးပွားရေးသုတေသီတဦးက “ငွေကြေးဖောင်းပွမှုက ဇီးရိုးရှိတဲ့ တိုင်းပြည်တော့ မရှိပါဘူး။ အခုက တကမ္ဘာလုံးမှာလည်း ငွေကြေးဖောင်းပွမှုက ရှိနေတာပဲ။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုက ထိန်းချုပ်လို့ရမယ့် အဆင့် (label) ရှိရမယ်။ တကယ်လို့ ထိန်းချုပ်လို့ရမယ့် အဆင့်ထက် ကျော်သွားပြီဆိုရင် ဘာဖြစ်မလဲဆို super inflation ၊ hyper inflation လို့ခေါ်တဲ့ ရာခိုင်နှုန်း ၄၀ နဲ့ ၅၀ အဆင့်ထိ ရောက်သွားမယ်။ အခုမြန်မာပြည်မှာ ၁၇ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းလို့ ပြောနေကြတာပဲ။ ဂဏန်းတွေက မငြိမ်တော့ တွက်ဖို့တော့ ခက်တာပေါ့။ ဒါပေမဲ့ အခု အဓိက မြင်နိုင်တာကတော့ ဓာတ်ဆီဈေးနဲ့ ဒေါ်လာဈေး၊ ရွှေဈေးကို ကြည့်လိုက်ရင် တက်တဲ့နှုန်းက ထက်ဝက်လောက် တက်တာနော်။ ဒီတော့ ငွေကြေးဖောင်းပွမှုကလည်း အဲဒီပမာဏလောက် ပြေးနေမယ်လို့ ခန့်မှန်းလို့ရတယ်။ ဆိုတော့ ဒီတက်တဲ့နှုန်းက အရမ်းများတယ်။ ဒါပေမဲ့ လုပ်ခလစာက တက်မလာဘူး။ တက်မလာတဲ့အတွက် ဒီဒဏ်တွေကို ပုံသေလစာရတဲ့သူတွေနဲ့ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေ ခံရလိမ့်မယ်။ ဘာကြောင့်ဆို ကုန်ဈေးနှုန်းက တက်လာပြီလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း အခြေခံကုန်ဈေးနှုန်းကသာ နေ့စဉ်နဲ့အမျှ ပြောင်းလဲမြင့်တက်နေပေမဲ့ ရရှိတဲ့လစာက ပြောင်းလဲမှု မရှိတာကြောင့် အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဘဝကို ဖြတ်သန်းနေရတယ်လို့ လခစားဝန်ထမ်းတွေက ဆိုပါတယ်။

“ကျမက စာရင်းကိုင်-၃ ရာထူးနဲ့ ငွေစာရင်းဌာနက ဝန်ထမ်းတဦးပါ။ လစာအနေနဲ့ အခြေခံလစာ ၁၉၈,၀၀၀ ကျပ်သာ ရပါတယ်။ ရတဲ့ လစာနဲ့ လောက်ငရဲ့လားဆိုတော့ ဘယ်လောက်ပါ့မလဲ။ ဒါပေမဲ့လည်း လောက်ငအောင် ခြိုးခြံသုံးနေရတာပေါ့။ ဒီကြားထဲမှာ နေထိုင်မကောင်းဖြစ်လို့ ဆရာဝန် တခါပြရင် ကျပ် ၁ သောင်းလောက်ကုန်တော့ ကျန်းမာရေးစရိတ်၊ စားစရိတ်၊ နေစရိတ် တွေကလည်း ရှိတော့ အစစအရာရာ ချွေတာနေရတယ်။ ခေတ်ကာလက အကုန်ကျပ်တည်းနေတာ လေ။ အိမ်ထောင်သည် ကလေးရှိတဲ့သူတွေဆို ပိုဆိုးတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခြေခံလစာ ၃ သိန်းအောက်သာ ရရှိတဲ့ ကုမ္ပဏီဝန်ထမ်းတဦးကလည်း “အရင်က အသင့်ဖျော် ကော်ဖီတထုပ်ကို တထောင်ဖိုး ဝယ်ရင် ၁၁ ထုပ် ရတယ်။ အခုတော့ တထောင်ဖိုး ဝယ်ရင် ၄ ထုပ်ပဲ ရတယ်။ ဘယ်လောက်ကွာသွားလဲ၊ အဲဒီမှာသာကြည့်။ အဲဒီတော့ ကော်ဖီ တထုပ်ကို နှစ်ခါ ခွဲပြီး သောက်နေရတယ်။ ဆိုင်မှာ လက်ဖက်ရည်သောက်ဖို့က တခွက်ကို ၈၀၀ နဲ့ ၁၀၀၀ ရှိတော့ မတတ်နိုင်ဘူး။ ဘဲဥ၊ ကြက်ဥ ဆိုရင်လည်း ဘဲဥက တလုံး ၃၀၀ နဲ့ ၃၅၀ ကျပ်ရှိပြီး ကြက်ဥက တလုံး ၂၃၀ နဲ့ ၂၅၀ ကျပ် ရှိတယ်။ ဟင်းသီးဟင်းရွက်ထဲမှာဆို ဘာအရွက်ဝယ်ဝယ် အနည်းဆုံးက ၃၀၀ ကျပ် ပေးရတယ်။ ဆိုတော့ အခုကာလက ဘဲဥ၊ ကြက်ဥ စားပြီး ချွေတာဖို့တောင် အနိုင်နိုင်။ ဘာလို့ဆို ဆီဈေး၊ ဆန်ဈေးကလည်း နှစ်ဆ တက်သွားတာလေ။ ကုန်ဈေးနှုန်းကသာ အခုလို တက်လာတာရတဲ့ လစာက တက်တာမဟုတ်ဘူး။ ပေးရမယ့် အကြွေးကသာ များပြီး တက်လာလို့ ကြွေးထူခေတ် ဖြစ်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ် ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာ ဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်အထိ ရောက်နိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ ILO အဖွဲ့ကြီးမှ အခုနှစ် သြဂုတ်လဆန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်မှ အာဏာသိမ်းပြီး ၁၈ လအကြာမှာတော့ မြန်မာအလုပ်သမား ၁ သန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့  ဆိုပါတယ်။ မြန်မာနိုင်ငံမှ အလုပ်သမားတွေ အခုလို အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး စားဝတ်နေရေး အလွန်အကျွံ ကျပ်တည်းလာတဲ့ အခြေအနေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အခက်အခဲ ပိုကြုံနေရတယ်လို့ ILO က ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013