ဘရာဇီးနိုင်ငံအနောက်မြောက်ပိုင်း၊ အာကရီပြည်နယ်၊ ရီယိုဘရန်ကိုမြို့ရှိ ဆောင်ဂျိုဆေး အလယ်တန်းကျောင်းမှာ မေလ ၅ ရက်က ဆယ်ကျော်သက်တယောက်ဟာ ကျောင်းတွင်း ပစ်ခတ်မှု ကျူးလွန်ခဲ့လို့ ဝန်ထမ်း ၂ ယောက် သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် တနိုင်ငံလုံး တုန်လှုပ်ချောက်ချား ဖြစ်ခဲ့ရပါတယ်။
ခြေထောက်မှာ သေနတ်မှန်ခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တယောက် အပါအဝင် တခြားသူ ၂ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး တယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
အဲဒီကျောင်းမှာပဲ တက်နေတဲ့ ဆယ်ကျော်သက် ယောက်ျားလေးဟာ ကျောင်းထဲကိုဝင်လာပြီး ကျောင်းအုပ်ကြီးရုံးခန်းဆီသွားတဲ့ စင်္ကြံလမ်းမှာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာလို့ အာကရီ စစ်ဘက်ရဲတပ်ဖွဲ့က ဒုဗိုလ်မှူးကြီး ဖိလစ်ပီ ရူဆိုက သတင်းထောက်တွေကို ပြောပါတယ်။
သူဟာ တိုက်ခိုက်မှုအပြီးမှာတော့ ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။ တိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ ပွိုင့် ၃၈၀ ကယ်လီဘာ ပစ္စတိုသေနတ်ပိုင်ရှင်ဖြစ်သူ သူ့ရဲ့ပထွေးကိုလည်း ဖမ်းဆီးထားပါတယ်။
တိုက်ခိုက်သူကို ဝိုင်းဝန်းကူညီခဲ့ပုံရတဲ့ တခြားကျောင်းသားတွေကိုလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်ထားတယ်လို့ ဒုဗိုလ်မှူးကြီး ရူဆို က ပြောပါတယ်။
Source: Reuters










