Home
ဆောင်းပါး
နိုင်ငံရေးစားပွဲဝိုင်းနဲ့ မထိုက်တန်တော့တဲ့ စစ်ဓားပြတပ်ရဲ့ သမိုင်းနိဂုံးကားလိပ်ချချိန်နီးပြီ
DVB
·
August 28, 2022
294377093_1292320431566200_5397235688239359037_n

လူ့အဖွဲ့အစည်းတွေမှာ အကျိုးစီးပွား ကွဲပြားမှု၊ လောဘ၊ ဒေါသ၊ အတ္တ၊ မာန်မာန အာဃာတ စတာတွေကြောင့် ပဋိပက္ခအမျိုးမျိုး ဖြစ်ပေါ် တွန်းတိုက်မိလေ့ရှိကြတယ်။ ဆွေမျိုးစုအတွင်း ပဋိပက္ခ၊ လူမျိုးစုတွင်းပဋိပက္ခ၊ ဒေသတွင်းပဋိပက္ခ၊ နိုင်ငံတွင်း ပြည်တွင်းပဋိပက္ခ၊ နိုင်ငံအချင်းချင်း ပဋိပက္ခ၊ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ စတာတွေဟာ လူ့သမိုင်းတလျှောက်လုံးမှာ ဖြစ်ပွားခဲ့ကြပါတယ်။

အဲဒီလို ပဋိပက္ခအမျိုးမျိုးကို လူသားတွေဟာ တခါတရံ သံတမန်နည်းနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းတတ်သလို တခါတရံ လက်နက်နဲ့လည်း ဖြေရှင်းတတ်ကြပါတယ်။ သံတမန်နည်းနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရင်တော့ အသေအပျောက် အထိအခိုက် ဆုံးရှုံးမှုနည်းပြီး ပဋိပက္ခကို ကျော်လွှားနိုင်ကြပါတယ်။ ဒီလိုနည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ဆိုတာ နှစ်ဖက်အုပ်စု ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေမှာ လူသားစိတ်ဓာတ်ရှိနေပြီး ကိုယ်ကျင့်သီလကောင်း ရှိမှသာ အပေးအယူ အလျှော့အတင်း လုပ်နိုင်ပြီး ညှိနှိုင်းဆွေးနွေး အဖြေထွက်နိုင်တာ ဖြစ်ပါတယ်။

အုပ်စုတစုက ခေါင်းဆောင်နဲ့ နောက်လိုက်တွေက သူတို့အကျိုးစီးပွား၊ မာန်မာန၊ လောဘ ဒေါသတွေ မလျှော့နိုင်ဘူး၊ ကိုယ်ကျင့်သီလ ဆိုးယုတ်နေမယ်၊ အမြဲတမ်း ကိုယ့်ဘက်ကပဲ အသာစီးယူချင်နေမယ်၊ လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ စရိုက်ဆိုးကို မပြင်နိုင်ရင်တော့ စားပွဲဝိုင်းထိုင် ဆွေးနွေးရင် ဘယ်တော့မှ မအောင်မြင်တတ်ဘဲ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပေမဲ့ မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလို ဖြစ်နေခဲ့မှာပဲ ဖြစ်ပါတယ်။

ဒါကိုပဲ ကိုယ်ထွေးတဲ့တံထွေးကို အမြဲပြန်မျိုချပြီး ဘယ်တုန်းကမှ ကတိမတည်တတ်တဲ့ မင်းအောင်လှိုင်နဲ့ စစ်ဓားပြတသိုက် ဟန်ပြ‌ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့မှာ RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်တို့အဖွဲ့ဟာ ပထမဆုံးအဖွဲ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အမည်ခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ EAO အဖွဲ့အချို့က‌တော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA)၊ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ NMSP၊ LDU၊ RCSS အဖွဲ့ ၇ ဖွဲ့တို့ဖြစ်ပြီး NCA မှာ လက်မှတ်မထိုးထားတဲ့ UWSA၊ NDAA၊ SSPP အဖွဲ့ ၃ ဖွဲ့လည်း စာရင်းပေးခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်ပြည်သူကို ပြန်သတ်၊ ရွာလုံးကျွတ် မီးရှို့၊ အရပ်သား စစ်ဘေးရှောင်ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု‌ပေါင်း မရေတွက်နိုင်အောင် ကျူးလွန်ခဲ့တာမို့ နိုင်ငံရေးစားပွဲဝိုင်းနဲ့ မထိုက်တန်တော့တဲ့ မကောင်းဆိုးဝါးစစ်တပ်နဲ့ ဆွေးနွေးအဖြေရှာလိုတဲ့ လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ အကျိုးမဲ့တာလုပ်ချင်တဲ့ အခါခါသေခဲ့ရတာကို ပျဉ်ဖိုးနားမလည်တဲ့ လူမိုက်လူအန္ဓမဟုတ်ရင် ကိုယ်ကျိုးရှာသမားတွေ၊ စစ်နဲ့လုပ်စား၊ နိုင်ငံရေးနဲ့ လုပ်စားကြတဲ့ သမိုင်းအညစ်အကြေးတွေပဲ ဖြစ်မှာပါ။

နိုင်ငံနဲ့ ပြည်သူတွေ ငြိမ်းချမ်းဖို့ ဆွေးနွေးပွဲတက်ရောက်လာသူတွေမှာ အရေးအကြီးဆုံး အချက်က ရိုးသားမှုရှိဖို့နဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့ တိုင်းပြည်အပေါ် စေတနာထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးရှာ ဖက်ဆစ်စစ်အုပ်စုဟာ အထက်ပါအချက်တွေ လုံးဝမရှိတာကို အောက်မှာ ဖော်ပြထားတဲ့ သာဓကတွေက သက်သေထူနေပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စလို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့အထိ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတဲ့ အများပြည်သူလူထုရဲ့ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ‌တွေ အပါအဝင် အဆောက်အဦ ၂၈,၀၀၀ ကျော် ရှိလာပြီလို့ ISP-Myanmar က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ သတင်းမီဒီယာခေတ်ကြီးထဲမှာ ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံအထောက်အထားတွေ၊ အင်တာနက်ဆက်သွယ်ရေးခေတ်ထဲမှာ အလွန်လျင်မြန်စွာ ရရှိနိုင်တဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံအထောက်အထား သန်းချီရှိနေတာ သိပါလျက်နဲ့ စစ်ဓားပြခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံပြီး ဩဂုတ်လ ၁၉ ရက် ညပိုင်း သတင်းထုတ်ပြန်ခဲ့တဲ့အချိန်မှာ ‌ကျေးရွာနေအိမ်များကို မီးမရှို့ဘူးလို့ အရှက်မဲ့စွာ ဗြောင်ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ညောင်ရင်း၊ စသိန်း၊ ဂွေးဂုံ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်ကနေ သြဂုတ်လ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၄ လုံး မီးလောင်ပြာကျ‌စေခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံနေတဲ့အချိန်အတွင်း တွေ့ဆုံပြီးချိန်မှာပါ ပြည်သူလူထုကို အသတ်မပျက်၊ ရွာမီးရှို့မပျက်၊ လူ့ဂုဏ်သိက္ခာကို စော်ကားမပျက်၊ လူ့အခွင့်အရေးကို ချိုးဖောက်မှုမပျက်ဘဲ တကမ္ဘာလုံးကို ပုဆိုးလှန်ပြတဲ့ မကောင်းဆိုးဝါးတွေဟာ နိုင်ငံရေးစားပွဲဝိုင်းနဲ့ လုံးဝမထိုက်တန်တော့တာ သေချာသထက် သေချာခဲ့ပြီမို့ ပြည်တွင်းပြည်ပ နိုင်ငံတကာက ဝိုင်းဝန်းဆုံးမ အပြစ်ပေးဖို့ကလွဲလို့ နည်းလမ်းမရှိတော့ပါဘူး။

ကောင်းကောင်းမွန်မွန် ဖျောင်းဖျလို့မရနိုင်တဲ့ အလွန်ရိုင်းစိုင်းယုတ်ညံ့တဲ့ မကောင်းဆိုးဝါး‌ တိရစ္ဆာန်တွေဆိုတာ မြတ်စွာဘုရားရှင်ကို မြင်းထိန်းသည်က ပြောပြခဲ့တဲ့ မြင်းထိန်းနည်း ၄ မျိုးထဲက နောက်ဆုံးနည်းလမ်းအရ ကိစ္စတုံးပစ်ရတဲ့ စတုတ္ထနည်းသာ ကျန်ပါတော့တယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဟာ ဂိတ်ဆုံးရောက်နေပြီး မကြာခင် ပြည်ဖုံးကားချခံရတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ သမိုင်းဇာတ်ခုံပေါ်မှာ ဘယ်သူတွေက ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့ကြတယ်၊ ဘယ်သူတွေက ပြည်သူလူထုကို ငရဲတွင်းချခဲ့ကြတဲ့ အဓမ္မဝါဒီ စစ်ဓားပြတွေကို သက်ဆိုးရှည်အောင် ဝိုင်းရံပူးပေါင်းခဲ့ကြတယ်ဆိုတာ မီးရောင်အောက်မှာ ထင်ထင်ရှားရှား မြင်တွေ့ပြီးခဲ့ကြပါပြီ။

လူ့အဖွဲ့အစည်းက လက်မခံတော့တဲ့ စစ်အခွင့်ထူးခံစနစ်ဆိုးရဲ့ သမိုင်းနိဂုံး ကားလိပ်ချချိန်နီးပြီမို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို—

“သမိုင်းဆိုတာ မျက်နှာမလိုက်ဘူး။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူတွေ ဘယ်လို ရပ်တည်တယ်၊ ဘယ်သူတွေ ဘယ်လိုဖောက်ပြန်တယ် ဆိုတာတွေကို အားမနာစတမ်း မှတ်တမ်းတွေ ချန်ထားခဲ့ပါလိမ့်မယ်။”

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024