
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးတွေ ပုံစံမျိုးစုံနဲ့ အရင်ကထက် ပိုမို ပေါပေါများများ ထွက်ပေါ်နေပြီး KTV၊ နိုက်ကလပ်နဲ့ ရပ်ကွက်တွေထဲအထိ ပေါ်ပေါ်တင်တင် ရောင်းချသုံးစွဲနေကြတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တွေထံက သိရပါတယ်။
လူငယ်တွေကြားထဲမှာတော့ K လို့ခေါ်တဲ့ ကတ်တမင်း မူးယစ်ဆေးတမျိုးကို သုံးစွဲသူပိုမိုများပြားလာပြီး ၁ ဂရမ်ကို ကျပ် တသိန်းနီးပါးအထိ ပေးပြီးဝယ်ယူ သုံးစွဲနေကြတာလို့ ရန်ကုန်မြို့ခံလူငယ် ၁ ဦးကပြောပါတယ်။
“သုံးတဲ့သူက လူငယ်ပိုင်းပဲများတယ်။ အသက် ၂၀ ကနေ ၃၀ ကြားတွေပဲသုံးကြတယ်။ ဆိုင်တိုင်းလည်းဝယ်လို့မရဘူး။ ၁ ဂရမ်ကို တစ်သိန်းနီးပါးပေးရတယ်။ ဈေးကြီးတယ်။ KTV ၊ ကလပ်နဲ့ ဘားတွေမှာပဲ အဓိကသုံးကြတယ်။ သီချင်းသံမြူးမြူးလေးနဲ့ မီးရောင်နဲ့ မြူးပြီး အမြင်အာရုံနဲ့ အကြားအာရုံကို လှည့်စားတဲ့သဘောပါပဲ။ ရှူပြီးရင် ကတော့မှ သူရဲ့ အကျိုးကိုသိရတာ ငြိမ်နေရင် သိပ်ပြီးဆေးသုံးထားမှန်းမသိသာဘူး။ ခေါင်းအရမ်းကိုက်တယ်။ နောက်နေ့ ဆေးအရှိန်ကျရင်တော့ တော်တော်ခံရတယ်။ စသုံးရင်တော့ စွဲလာနိုင်တယ်ပေါ့နော် ။ မူးယစ်ဆေးနောက်ဆက်တွဲကတော့ စိတ်ကျရောဂါပါဖြစ်လာနိုင်တယ်။”
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် တခြားမြို့ကြီးတော်တော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုတွေကို ထိန်းချုပ်တာ မရှိတော့တဲ့အပြင် ရပ်ကွက်တွေထဲမှာပါ အလွယ်တကူနဲ့ ဝယ်ယူရရှိလာနေတဲ့အတွက် ကျောင်းသားလူငယ်တွေအတွက် စိတ်ပူမိတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းမှာ မူးယစ်ဆေးဝါးတွေလည်း အရင်ထက် အလွယ်တကူဝယ်ယူရရှိလာပြီး အရင်ထက်ဈေးသက်သာစွာနဲ့ ဝယ်ယူနိုင်လာတာကြောင့် သုံးစွဲသူတွေအရင်ထက်ပိုများလာပါတယ်။
မူးယစ်ဆေးဖြတ်နေတဲ့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးက “ဆေးလိပ်တောင် မသောက်တတ်ခဲ့ပေမဲ့ မူးယစ်ဆေးစတင်သုံးစွဲမိရာကနေ ဖြတ်မရတော့တဲ့အထိ အလွန်အကျွန်ဖြစ်လာလို့ လူငယ်တွေအနေနဲ့ လက်တည့်မစမ်းစေချင်ဘူး”လို့ ပြောပါတယ်။
၈၈၈၈ အရေးတော်ပုံအပြီး စစ်တပ်အာဏာသိမ်းထားတဲ့ကာလတုန်းကလည်း တက္ကသိုလ်ကျောင်း သားတွေနဲ့ လူငယ်လူရွယ်တွေ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်အောင်နဲ့ စိတ်မဝင်စားအောင် ဘိန်းဖြူ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် စစ်ထောက်လှမ်းရေးတွေက ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေလည်းရှိခဲ့ဖူးပါတယ်။
အခု ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်အာဏာရှင်ကို ရှေ့တန်းကနေ ဦးဆောင် တော်လှန်နေတဲ့ မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရေးမှာ စိတ်ပါဝင်စားမှုမရှိအောင် မူးယစ်ဆေးဝါး သုံးစွဲမှုကို စစ်ကောင်စီက ဖမ်းဆီးတာမရှိဘဲ မျက်ကွယ်ပြုထားတယ်လို့လည်း ရန်ကုန်မြို့ခံက ပြောပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ဆေးခြောက်သုံးစွဲမှုကိုတရားဝင်ခွင့်ပြုပေးလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံပြည်တွင်းလူငယ်တချို့ Cannabis Tour ဆေးခြောက်ခရီးစဉ်ဆိုပြီး ဘန်ကောက်ကို အုပ်စုလိုက် ပေါ်ပေါ်တင်တင်သွားရောက်ခဲ့ကြတာလည်းရှိပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ရောင်းချခွင့်ကို ဒီနှစ်ထဲမှာပဲ တရားဝင်ခွင့်ပြုပေးခဲ့ပေမဲ့ သုံးစွဲမှု၊ လက်ဝယ်ထားရှိမှုနဲ့ ရောင်းချမှုတွေကိုတော့ သက်ဆိုင်ရာဥပဒေတွေနဲ့ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာလည်း အသစ်ရေးဆွဲထားတဲ့ မူးယစ်ဆေးဥပဒေမှာ မူးယစ်ဆေးသုံးစွဲမှုကိုပြင် ပြင်းထန်ထန် တားမြစ်ထားဆဲဖြစ်တယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)က ပြောပါတယ်။
လက်ရှိလူငယ်တွေအကြား အသုံးများနေတဲ့ K လို့ အတိုကောက်ခေါ်တဲ့ ကတ်တမင်း ဆေးဟာ ဆေးကုသမှုတချို့မှာ မေ့ဆေးအဖြစ်သုံးသလို တိရစ္ဆာန်ဆေးကုတဲ့နေရာမှာအသုံးများတဲ့ ဆေးတမျိုးဖြစ်ပါတယ်။
ကတ်တမင်းကို စိတ်အာရုံထင်ယောင်ထင်မှားနဲ့ စိတ်ကူးနဲ့မျောလွင့်လို့ကောင်းစေမယ့် မူးယစ်ဆေးအဖြစ် လူငယ်တွေ တလွဲအသုံးပြုနေကြတာဖြစ်ပြီး အမှုန့်ပုံစံနဲ့ ရှူကြသလို အရည်ပုံစံနဲ့ ထိုးသွင်းကြတာဖြစ်ပါတယ်။
ကတ်တမင်းတလွဲသုံးစွဲမှုကြောင့် ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်နိုင်ကာ ပမာဏများရင်တော့ ကျောက်ကပ်ပျက်စီးမှု၊ ဦးနှောက်ထိခိုက်မှုနဲ့ ဉာဏ်ရည်ပိုင်းပျက်ယွင်းမှု ဖြစ်နိုင်သလို အသက်ရှူစနစ်ပြဿနာနဲ့ နှလုံးခုန်နှုန်းမြန်တာကြောင့် အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ရှိတယ်လို့ ဆေးပညာရှင်တွေက ရေးသားထားတာရှိပါတယ်။