လခကောင်းကောင်းနဲ့ အလုပ်အကိုင်တွေရမယ်ဆိုတဲ့ ကတိစကားတွေနဲ့အတူ သံသယဖြစ်စရာ လူကုန်ကူးကွန်ရက်တခုက လှည့်ဖြားခေါ်ဆောင်သွားပြီး ယူကရိန်းနဲ့စစ်ပွဲထဲမှာ တိုက်ခိုက်ဖို့ စေခိုင်းခံရတယ် လို့ဆွေမျိုးသားချင်းတွေက စွပ်စွဲတိုင်ကြားတောင်းဆိုခဲ့ကြပြီးနောက် မေ ၄ ရက်မှာ ပီရူးနိုင်ငံသား ၃ ယောက် လီမာ မြို့တော်ကို ပြန်ရောက်လာပါတယ်။
ဟော်ရ်ဟဲ ချားဗက်စ်လေဆိပ်ကို ရောက်ရှိလာတဲ့ အဲဒီအမျိုးသားတွေဟာ သတင်းထောက်တွေကို ရှောင်တိမ်း ထွက်ခွာသွားကြပေမဲ့ သူတို့ရဲ့ မိသားစုဝင် ဆွေမျိုးသားချင်းတွေကတော့ ငိုယိုကြိုဆိုခဲ့ကြပါတယ်။
မိသားစုရှေ့နေ မာဆယ်လို တာတာဟေးက “သူတို့က အမ်စတာဒမ်ကနေတဆင့် ရောက်လာတာပါ။ ဒီကိစ္စကို လူသိရှင်ကြား မဖြစ်ချင်ကြပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွင့်ချ ထုတ်ပြန်လိုက်တာကြောင့် သူတို့ အိမ်ကို တန်းပြန်သွားကြပါပြီ။ လူအများရဲ့ အာရုံစိုက်မှုကို ခံနေရတာရော၊ သူတို့ရဲ့ ဆွေမျိုးတွေလည်း ခြိမ်းခြောက်ခံရမှုတွေကြောင့်ရော သူတို့ တော်တော်လေး ကြောက်လန့်နေကြပါတယ်” လို့ ပြောပါတယ်။
ပီရူးနိုင်ငံခြားရေးဝန်ကြီးဌာန အဆိုအရ သူတို့ဟာ မော်စကိုကနေ ပီရူးသံရုံးရဲ့ အကူအညီနဲ့ ထွက်ခွာလာခဲ့တာ ဖြစ်ပြီး၊ စုစုပေါင်း ပီရူးနိုင်ငံသား ၆ ယောက်လောက် ပြန်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကျန်ရှိနေသေးတဲ့သူတွေအတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ပီရူးအစိုးရရှေ့နေတွေကတော့ ရုရှားမှာ လုံခြုံရေးနဲ့ တခြားအလုပ်တွေရမယ်ဆိုတဲ့ အလုပ်အကိုင် အခွင့်အလမ်း အမှားတွေနဲ့ စည်းရုံးခံရပြီးမှ စစ်တိုက်ဖို့ အတင်းအကျပ် ခိုင်းစေခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ပြီးခဲ့တဲ့အပတ်ကပဲ အကြိုစုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။
လီမာမြို့ရှိ ရုရှားသံရုံးကတော့ ဧပြီလနှောင်းပိုင်း ထုတ်ပြန်ချက်မှာ ရုရှားဥပဒေတွေဟာ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း နိုင်ငံခြားသားတွေ စစ်မှုထမ်းဖို့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတယ်လို့သာ တုံ့ပြန်ပြောဆိုထားပါတယ်။










