DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ဝမ်းရောဂါဖြစ်ပြီး ကလေး ၁၁ ဦးထက်မနည်း သေဆုံး
DVB
·
August 17, 2026
Photo: CJ
Photo: CJ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ရခိုင်စစ်ဘေးရှောင်စခန်းတချို့နဲ့ မွတ်စလင် IDP စခန်းတွေမှာ ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားပြီး ကလေးငယ် ၁၁ ယောက်ထက်မနည်း သေဆုံးကာ နောက်ထပ်လည်း ဝမ်းရောဂါဖြစ်ပွားနေသူ ရာနဲ့ချီ ရှိနေတယ်လို့ စစ်တွေ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့နယ် ဓညဝတီရပ်ကွက်ရှိ အောင်သုခ ဘုန်းကြီးကျောင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်း၊ ဆင်ကူလမ်းရပ်ကွက်နဲ့ မွတ်စလင်ကျေးရွာတွေဖြစ်တဲ့ သဲချောင်း၊ သက္ကယ်ပြင်၊ မံစီ၊ အုန်းတောကြီး၊ အုန်းတောချေ၊ ဖွဲရာကုန်း၊ ပလ္လင်ပြင်နဲ့ ဂျောပူဂျာ ကျေးရွာတွေမှာ လူဦးရေ ၂၀၀ ကျော် ဝမ်းရောဂါ ဖြစ်ပွားနေပြီး ကလေးငယ် အနည်းဆုံး ၁၁ ယောက်ထက်မနည်း သေဆုံးသွားပြီလို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တွေမှာ မွတ်စလင်ကျေးရွာတွေ၊ IDP စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြတာ တပတ်နီးပါးရှိနေပြီ။ ကျနော် သိသလောက် လူဦးရေ ၂၀၀ ကျော်လောက် ဝမ်းရောဂါ ဖြစ်ပွားနေကြတာဖြစ်ပြီး ကလေးငယ် ၁၁ ယောက်ထက်မနည်း သေဆုံးမှုရှိတယ်။ လောလောဆယ်တော့ သက္ကယ်ပြင် တိုက်နယ်ဆေးရုံနဲ့ IDP စခန်းတွေက ဆေးခန်းတွေမှာ ကုသနေကြတာ ရှိတယ်။ မွတ်စလင်တွေက စစ်တွေမှာ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံထားရတော့ အတော်လေးကို အခက်အခဲတွေ ဖြစ်နေကြတယ်။”

ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွားပြီး သေဆုံးသူတွေမှာ ဂျောပူဂျာ မွတ်စလင်ကျေးရွာက တယောက်၊ သဲချောင်းကျေးရွာက ၇ ယောက်နဲ့ တခြား မွတ်စလင်စခန်းတွေက ကလေးငယ်တွေ အပါဝင် ၁၁ ယောက်ထက်မနည်း သေဆုံးမှုရှိလာနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့နယ်က မွတ်စလင် IDP စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှော သီးခြားစောင့်ရှောက်ရေးစင်တာတွေ ဖွင့်လှစ်ပြီး ကုသပေးနေပါတယ်။

စစ်တွေမြို့နယ်က မွတ်စလင်ကျေးရွာတွေ၊ IDP စခန်းတွေက ဒေသခံတွေကို စစ်အာဏာရှင်တပ်က လွတ်လပ်စွာ သွားလာခွင့်နဲ့ မြို့ထဲဝင်ရောက်ခွင့် ကန့်သတ်ထားတာဖြစ်ပြီး ကျေးရွာတွင်း ဆေးခန်းတွေမှာသာ အဆင်ပြေသလို ကုသနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တွေမြို့ ဓညဝတီရပ်ကွက်နဲ့ ဆင်ကူးလမ်း အမှတ်-၃ ရပ်ကွက်တွေမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသူတချို့ ရှိနေကြတယ်လို့ စစ်တွေမြို့ခံတွေဆီက သိရပါတယ်။

ဓညဝတီရပ်ကွက် အောင်သုခဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းမှာ ကလေးတွေနဲ့ လူကြီးတချို့ပါ ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားနေကြတာဖြစ်ပြီး ဆေးကုသမှု ခံယူနေကြရတယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဓညဝတီက စစ်ဘေးရှောင်စခန်းတခုနဲ့ ဆင်ကူးလမ်းဘက်မှာ ဝမ်းရောဂါဖြစ်ပွားနေကြတာတွေ ရှိတယ်လို့ သိရတယ်။ မြို့ပေါ်မှာတော့ သေဆုံးမှုမရှိသေးဘူး။ မွတ်စလင်ကျေးရွာတွေမှာတော့ ကလေးငယ်တွေ သေဆုံးမှုတချို့ ရှိတယ်လို့ သိရတယ်။ အဓိကတော့ မလတ်ဆတ်တဲ့ အစားအသောက်တွေကြောင့်လို့ ထင်တယ်။”

စစ်တွေမြို့ကို စစ်အာဏာရှင်တပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားတာကြောင့် အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အလွန်တရာ ဈေးကြီးတာကြောင့် မလတ်ဆတ်တဲ့ သား၊ ငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ အခြေခံ လူတန်းစားတွေက စားသုံးနေကြရတာလို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်အာဏာရှင်တပ်က စစ်တွေမြို့ကို ကုန်စည်စီးဆင်းမှုအပြင် ဆေးဝါးတင်သွင်းခွင့်တွေကိုပါ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013