DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်မည်၊ ၂၀၂၂ ခုနှစ် ၁၀ တန်းအောင်များကို ခေါ်ယူနေ
DVB
·
August 26, 2022
စစ်ကောင်စီက နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်မည်၊ ၂၀၂၂ ခုနှစ် ၁၀ တန်းအောင်များကို ခေါ်ယူနေ
Donate to DVB

စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်မှာ နည်းပညာတက္ကသိုလ်အသစ်တခု ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နေပြည်တော် နည်းပညာတက္ကသိုလ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာနဲ့ သတင်းအချက်အလက်နည်းပညာ၊ ဗိသုကာ စတဲ့ အထူးပြုဘာသာရပ် ၆ ခု သင်ကြားပေးသွားမယ်လို့ စစ်ကောင်စီအာဘော် နိုင်ငံပိုင်သတင်းစာတွေကတဆင့် ဩဂုတ် ၂၆ ရက်စွဲနဲ့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်တို့ အပါအဝင် ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ နည်းပညာတက္ကသိုလ်ပေါင်း ၃၃ ခုရှိနေတယ်လို့ စစ်ကောင်စီဩဇာခံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

အခုစတင်ဖွင့်လှစ်မယ့် နေပြည်တော် နည်းပညာတက္ကသိုလ် ပထမအသုတ်မှာတော့ နိုင်ငံတဝန်း သပိတ်မှောက်ထားခဲ့တဲ့ စစ်ကောင်စီလက်အောက် ကျင်းပတဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေကို တက်ရောက်ခွင့်ပြုမယ်လို့ ကြေညာထားပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ၄ ဘာသာ ရမှတ်အနည်းအများပေါ် မူတည်ပြီးတော့ ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ အကြမ်းဖက်စစ်ကောင်စီက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့သူတွေကို အသိအမှတ်မပြုဘူးလို့ ကနဦး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းကာလအတွင်း ပညာရေးနောက်မကျစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ‘ကြားကာလပညာရေး’ အစီအစဉ်တွေ ဆောင်ရွက်နေပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်မယ့် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ထားပေမဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေတဲ့ ကျောင်းသားသမဂ္ဂတွေ အပါအဝင် အခြေခံပညာရော အဆင့်မြင့်ပညာကဏ္ဍက ဆရာ၊ ဆရာမတွေကပါ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ အခုထိတိုင် တက်တက်ကြွကြွ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013