DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများ၌ လူသတ်မှုများဖြစ်နေကြောင်း ကုလအထူးကိုယ်စားလှယ်အား တင်ပြ
DVB
·
August 24, 2022
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများ၌ လူသတ်မှုများဖြစ်နေကြောင်း ကုလအထူးကိုယ်စားလှယ်အား တင်ပြ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေကို ၄ ရက်ကြာ လေ့လာရေးရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ လူသတ်မှုတွေနဲ့ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ သတ်ဖြတ်ခံရမှုတွေကို Cox’s Bazar ဒုက္ခသည်စခန်းရှိ ဒုက္ခသည်တွေက တင်ပြခဲ့ကြတယ်လို့ ကူတူပါလောင် ဒုက္ခသည်စခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဒုက္ခသည်တွေက နေရပ်ပြန်နိုင်ရေးကို တင်ပြခဲ့တယ်။ နောက်ပြီး ဒုက္ခသည်စခန်းတွေမှာ လူသတ်မှုတွေ အချိန်တိုင်း ဖြစ်ပွားနေတာတွေနဲ့ အာဆာ အကြမ်းဖက်သမားတွေထံ မတရား သတ်ဖြတ်ခံနေကြရတယ်။ ဘင်္ဂလားအစိုးရက ထိရောက်စွာ ဘာမှ အကာအကွယ် မပေးနိုင်ကြဘူးလို့ တင်ပြခဲ့ကြတယ်။”

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် သိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ ၅ နှစ်ပြည့်ချိန်မှာပဲ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တာပါ။

အထူးကိုယ်စားလှယ် ဟေဇာရဲ့ ၄ ရက်ကြာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မာဆု ဘင် မိုမင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အက်ဘ်ဒူလ် မိုမင်နဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာတို့ကိုလည်း နှုတ်ဆက်တွေ့ဆုံမယ့်အကြောင်း ဒေးလီး ဘင်္ဂလားဒေ့ရှ် သတင်းစာက ရေးသားထားပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ဒုက္ခသည်စခန်းတွေမှာ ဖြစ်ပွားနေတဲ့ လူသတ်မှုကိစ္စတွေနဲ့ အာဆာ အကြမ်းဖက်သမားတွေ ကိစ္စကို တင်ပြပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဒုက္ခသည်တွေကို ကတိပေးခဲ့ကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။

“သူမကတော့ ဒုက္ခသည်တွေ တင်ပြချက်တွေကို ဘင်္ဂလားအစိုးရ အာဏာပိုင်တွေထံ တင်ပြပေးသွားမယ်လို့တော့ ပြောသွားတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ လူသတ်မှုတွေ မကြာမကြာ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်ဘ် အူလာ အာဆာအဖွဲ့ရဲ့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၁၁ ရက်နေ့ကလည်း ရိုဟင်ဂျာ အရပ်ဘက်ခေါင်းဆောင် ၂ ယောက်ဖြစ်တဲ့ အသက် ၄၀ အရွယ် ဆိုင်အိဒ် ဟူစိန်နဲ့ အသက် ၃၅ နှစ်အရွယ် အဘူ တေလက်ဘ်တို့ ၂ ယောက်အပြင် လူ ၅ ယောက်အထိ အာဆာအဖွဲ့ သတ်ဖြတ်တာ ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ် အပါအဝင် ရသေ့တောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာတွေက တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ မွတ်ဆလင်လူမျိုး ဒုက္ခသည် ၆ သိန်းကျော်ဟာ ဒီနေ့အထိ သူတို့နေထိုင်ရာ မူလနေရာတွေကို ပြန်မလာနိုင်ကြသေးပါဘူး။

လာမယ့် စက်တင်ဘာလကုန်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀ ကျော် ပြန်လည်လက်ခံရာမှာ ဟိန္ဒူ ၃၀၀ ကျော် ပါဝင်မှာဖြစ်ပြီး တနေ့ကို လူဦးရေ ၁၅၀ သာ လက်ခံသွားမှာဖြစ်ပြီး ပြန်ဝင်လာမယ့်သူတွေကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတွေမှာ နေရာချထားပေးဖို့ စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013