DVB Logo
Home
မြန်မာသတင်း
ရွာလုံးကျွတ်မီးရှို့နေသည့် စစ်ကောင်စီက နိုင်ငံကို LDC အဖြစ်မှ လွတ်မြောက်ရေး ကော်မတီဖွဲ့ ဆောင်ရွက်နေ
DVB
·
August 24, 2022
ရွာလုံးကျွတ်မီးရှို့နေသည့် စစ်ကောင်စီက နိုင်ငံကို LDC အဖြစ်မှ လွတ်မြောက်ရေး ကော်မတီဖွဲ့ ဆောင်ရွက်နေ
Donate to DVB

နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီး စီးပွားရေး ချွတ်ခြုံကျအောင် မူဝါဒအလွဲအမှားတွေ ချမှတ်၊ ရွာလုံးကျွတ်မီးရှို့ကာ ပြည်သူတွေ ဆင်းရဲမွဲတေအောင်အောင်ရွက်နေတဲ့  စစ်ကောင်စီဟာ အခုအခါမှာ နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရေးဦးဆောင်ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်နေပါတယ်။

ဒီကော်မတီကို ပြီးခဲ့တဲ့နှစ် မေလ ၆ ရက်ကတည်းက စာထုတ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို ခြောက်လအတွင်း ဦးမော့လာအောင် လုပ်မယ်၊ အလုပ်လုပ်သူတိုင်း ဝင်ငွေရရှိစေရမယ်လို့ ကြုံးဝါးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။

ကော်မတီဝင်တွေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၁၅ ခုက စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ထည့်သွင်းဖွဲ့စည်းထားပါတယ်။

ဒီကော်မတီရဲ့ တာဝန်တွေကတော့ နိုင်ငံကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ နယ်ပယ်တွေအလိုက် ဦးစားပေးလုပ်ငန်းတွေ အကောင်အထည်ဖော်မှုကို ကြီးကြပ်တာ၊ ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်က လွတ်လာပြီးနောက်ပိုင်း ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်ချက်တွေနဲ့ အကူအညီတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်ကနေ ချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရေး မဟာဗျူဟာ ရေးဆွဲဆောင်ရွက်တာ စတာတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီကော်မတီဖွဲ့စည်းတာ တစ်နှစ်ကျော်ပြီဖြစ်ပေမဲ့ အခုအချိန်အထိတော့ ထူးခြားမလာတဲ့အပြင် နိုင်ငံစီးပွားရေး အခြေအနေက ပိုမိုဆိုးရွားလာပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးကလည်း တစ်နှစ်အတွင်းမှာ ၁၀၀ ရာခိုင်နှုန်း ကျသွားခဲ့သလို နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာလည်း ဆင်းရဲမွဲတေမှုအောက် ရောက်လိမ့်မယ်လို့ UNDP က ခန့်မှန်းထားပါတယ်။

နိုင်ငံတဝန်း အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ  စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက် ရွာလုံးကျွတ်မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ် အဓမ္မပြုကျင့်တာ၊ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူတာ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို ယူဆောင်သွားတာတွေလည်း နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDCs) အဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနဲ့ ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေ ရပ်တန့်စေခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြီးခဲ့တဲ့ မတ်လကကျင်းပတဲ့ ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အာဏာရှင်ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) လက်ထက်မှာ နိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။

လက်ရှိအချိန်ထိ ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုတွေကြား နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲ ဖွံ့ဖြိုးမှုနောက်အကျဆုံး LDCs စာရင်းဝင် နိုင်ငံ ၄၆ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မြန်မာအိမ်နီးချင်း အာရှဒေသတွင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ နီပေါနိုင်ငံတွေကတော့ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ (LDCs) အဆင့်က‌နေ လွတ်မြောက်သွားခဲ့ပြီလို့ ကုလသမဂ္ဂအထွေထွေညီလာခံက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က အတည်ပြု ကြေညာခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs)တွေ အဆင့်အတန်းကိုတော့ နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေ၊ လူ့စွမ်းအားအရင်းအမြစ်ပိုင်ဆိုင်မှုနဲ့ စီးပွားရေး ထိလွယ်ရှလွယ်ရှိမှု စတဲ့ စံသတ်မှတ်ချက်သုံးခုကို အသုံးပြုတွက်ချက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ နိုင်ငံသားတဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၃ဝ ရှိမှသာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံကနေ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ကူးပြောင်းနိုင်ဖို့အတွက် လိုအပ်ချက် တခုအနေနဲ့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013