DVB Logo
Home
မြန်မာသတင်း
ခရိုနီအဟောင်းနေရာ ခရိုနီအသစ်ဖြင့် အစားထိုးရန် စစ်ကောင်စီ ပြင်ဆင်နေဟုဆို
DVB
·
August 23, 2022
ခရိုနီအဟောင်းနေရာ ခရိုနီအသစ်ဖြင့် အစားထိုးရန် စစ်ကောင်စီ ပြင်ဆင်နေဟုဆို
Donate to DVB

စစ်ကောင်စီက သူနဲ့ နီးစပ်တဲ့ သူတွေကို လုပ်ပိုင်ခွင့်တွေ ချပေးလာတာဟာ ယခင်ရှိနေတဲ့ ခရိုနီတွေ နေရာမှာ ခရိုနီအသစ်တွေနဲ့ အစားထိုးဖို့ ခြေလှမ်းအစဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီခေါင်းဆောင်က သားဖြစ်သူ အောင်ပြည့်စုံအား စစ်တပ်ပိုင် ပရောဂျက်တွေကို ချပေးထားသလို ဗိုလ်ချုပ်ကြီးအဆင့်ရှိ သားသမီးတွေပိုင်တဲ့ Authentic ကုမ္ပဏီကိုလည်း စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဌာနမှ ချပေးတဲ့ ရေနှင့်ရေသွယ်တန်းမှုဆိုင်ရာ ပရောဂျက်စီမံကိန်းအား လုပ်ပိုင်ခွင့်ပေးထားတာပါ။

ဒါပေမဲ့ တဖက်မှာလည်း ယခင်ရှိနေတဲ့ ခရိုနီတွေကို စစ်ကောင်စီက အခန့်မသင့်ရင် မသင့်သလို ပုဒ်မတပ်ပြီး ဖမ်းဆီးထိန်းသိမ်းနေတဲ့ အချက်ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန္တလေးအခြေစိုက် ကျောက်လုပ်ငန်းရှင် ခရိုနီတဦးကို ပုဒ်မတပ်ဖမ်းဆီးပြီး ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ထိန်းသိမ်းလိုက်ပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ခြေလှမ်းတွေဟာ ခရိုနီအဟောင်း နေရာမှာ ခရိုနီအသစ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

စီးပွားရေးသုတေသီတဦးက “သူတို့က ထုံးစံအတိုင်း၊ အလှည့်ကျပေါ့ဗျာ။ အရင် ဗိုလ်ချုပ်ကြီးတွေက စားပြီးပြီလေ။ စားပြီးသွားလို့ သူတို့နဲ့ပတ်သက်ပြီး စီးပွားရေးလုပ်လာတဲ့ ခရိုနီတွေ ရှိလာတယ်။ အဲဒီလိုပဲ အခုဆိုရင်လည်း သူတို့နဲ့ပတ်သတ်ပြီး စီးပွားရေးလုပ်လာတဲ့ ခရိုနီတွေ ရှိလာတော့မယ်။ ခရိုနီထဲမှာ ဘယ်သူတွေ ပါမလဲဆိုရင်  ဗိုလ်ချုပ် အသစ်တွေရဲ့ သူတို့သားသမီးတွေ ပြီးတော့ သူတို့နဲ့ ဆက်စပ်တဲ့ လူတွေက စီးပွားရေးလုပ်လာကြပြီး ခရိုနီအသစ်တွေ ပေါ်ထွက်လာလိမ့်မယ်။ ဒါက စစ်အုပ်ချုပ်ရေးကာလမှာ  ဆွေမျိုးသားချင်း ကောင်းစားရေး မူဝါဒ ဆိုတာ ရှိတယ်။ ဒါက အရင် ခေတ်တွေမှာလည်း လုပ်ခဲ့ကြတယ်။ အခုလည်း ဒီပုံစံအတိုင်း ဖြစ်လာမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာက အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့စနစ် မရှိတော့တဲ့အတွက် လူတစုကသာ ချမ်းသာကြွယ်ဝလာမှာဖြစ်ပြီး ပြည်သူတွေကတော့ ဆင်းရဲတွင်း နက်ဖို့သာ ရှိတော့တယ်လို့ စီးပွားရေးအမြင်ရှိတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အရင်ကတော့ အခွင့်အရေးဆိုတာ အပြိုင်အဆိုင် ယူရတာလေ။ လုပ်ငန်းတခု လုပ်မယ်ဆိုရင် တင်ဒါတွေ ဖြတ်ရတယ်၊ ဝင်ရောက် ယှဉ်ပြိုင်ရတယ်။ အခုတော့ ဒါမျိုး ယှဉ်ပြိုင်စရာ မလိုတော့ဘူး။ ဆိုတော့ ဒါက လူတစုပဲ ဒီအခွင့်အရေးကို ရကြမှာလေ။ အရင်ကတော့ ရိုးရိုးသားသားနဲ့ ကြိုးစားလို့ ရှိရင် စီးပွားရေး အခွင့်အလမ်းဆိုတာ ရှိသေးတယ်။ အခုကတော့ ရိုးသား ကြိုးစားစရာ မလိုတော့ဘူး။ ဘယ်သူနဲ့ သိတယ်။ အဲ့တော့ ဒီလူတစုကတော့ ဒီကာလမှာ အရမ်း ချမ်းသာသွားမယ်။ ဒါပေမဲ့ ပြည်သူကတော့ ထုံးစံအတိုင်း ဆင်းရဲပြီး ဆင်းရဲသွားမှာပေါ့။ ကျနော် ထင်တာက အရင်အခြေအနေထက်တောင် ဆိုးရင် ဆိုးဦးမယ်နော်။”

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိ ရောက်နိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီအစည်းအဝေးမှာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါက ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းတွက်ချက်ခဲ့တာပါ။

အလားတူ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ ခုနှစ်အတွက် နိုင်ငံအသီးသီးရဲ့ စီးပွားရေးတိုးတက်မှုအပေါ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံအား ထည့်သွင်းတွက်ချက်နိုင်မှု မရှိတော့တဲ့အတွက် ကွက်လပ် ထားခဲ့ပါတယ်။ အကြောင်းရင်းက အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်တဲ့ အချက်အလက်တွေအပေါ် အယုံအကြည် မရှိတဲ့အတွက် ချန်လှပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013