DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ခေါင်းဆောင်များကို စွဲထားသည့် ရဟတ်ယာဉ်မှုအတွက် လိုပြသက်သေတဦးကို စစ်ဆေး
DVB
·
August 23, 2022
နိုင်ငံ့ခေါင်းဆောင်များကို စွဲထားသည့် ရဟတ်ယာဉ်မှုအတွက် လိုပြသက်သေတဦးကို စစ်ဆေး
Donate to DVB

စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေကို စွဲဆိုထားတဲ့ ရဟတ်ယာဉ်ဝယ်ယူမှုအတွက် တရားလိုပြသက်သေတဦးကို နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက ဒီနေ့ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရဟတ်ယာဉ်ဝယ်ယူမှု အမှုနံပါတ် ၄၉ အတွက် လူကယ်ပြန်ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကို ဆက်လက်စစ်ဆေးခဲ့တာပါ။ 

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

“သက်သေတယောက် ဦးစိုးအောင်ကို စစ်တယ်။ အမှုနံပါတ် ၄၉ ရဟတ်ယာဉ်ဝယ်တဲ့ကိစ္စကို စစ်တယ်။ မောင်ဝိတ်အမှုက သက်သေမလာဘူး။ သူတို့ဘက်ကတော့ သက်သေတွေ မလာပေမယ့် တယောက်မှ မပယ်သေးဘူးလေ။ လိုပြသက်သေပေါ့ မလာတာ နှစ်ယောက်။ ဒီတခေါက်နဲ့ဆို ရုံးချိန်းနှစ်ခုရှိပြီ မလာတာ။ အဲဒီလို သက်သေမလာဘူးဆိုရင် သူတို့က ပယ်ရတာ။ တရားလို အဂတိတိုက်ဖျက်ရေးဘက်က ပယ်ရမှာ။ တယောက်က ဦးသန့်သော်ကောင်း သူက မလာဘူး။ နောက်တပတ် တနင်္လာ၊ အင်္ဂါရုံးချိန်းပြန်ချိန်းတယ်” လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဦးမောင်ဝိတ်နဲ့ဆက်စပ်တဲ့ အဂတိနှစ်မှုကို ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ ချေဖျက်ခွင့်တင်ခဲ့ပေမယ့် စစ်ကောင်စီတရားရုံးက ပယ်ချခဲ့တာပါ။ 

အတိုင်ပင်ခံရဲ့ရှေ့နေ့အဖွဲ့က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ အရ အမှုတွဲ ချေဖျက်ခွင့်တင်တာဖြစ်ပြီး တရားရုံးရဲ့ ဥပဒေလုပ်ထုံး လုပ်နည်းကို အလွဲပြုတာကနေ ကာကွယ်ဖို့နဲ့ တရားဖြောင့်မှန်ရာရောက်အောင် တရားလွှတ်တော်မှာရှိရင်းစွဲဖြစ်တဲ့ မူလဘူတအာဏာကို သုံးစွဲခွင့်ရဖို့ ရည်ရွယ်တာလို့ ဥပဒေပညာရှင်တွေက ရှင်းလင်းထားပါတယ်။ 

ပြစ်မှုအင်္ဂါရပ်နဲ့မညီတာ၊ တရားမကြောင်းစွဲရမယ့်အမှုကို ပြစ်မှုနဲ့စွဲတာ၊ နောက်တိုး တရားခံထည့်ရာမှာ ဥပဒေနဲ့မညီတာ၊ အမှုကနေ အပြီးလွှတ်ပြီးတဲ့သူတွေကို ထပ်မံစွပ်စွဲတာ၊ သက်သေကို မမှန်သက်သေခံမှုတွေနဲ့ အရေးယူတာ စတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး အမှုတွဲချေဖျက်ခွင့်စီရင်ထုံးတွေလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။  

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁ အရ တရားစွဲဆိုထားတဲ့ အမှုတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မညီရင် စွဲချက်မတင်ခင်မှာ တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်တွေဆီကို စွပ်စွဲခံရသူက အမှုတွဲချေဖျက်ဖို့ လျှောက်ထားခွင့်ရှိတာကြောင့် ရှေ့နေ့အဖွဲ့က ချေဖျက်ခွင့်တင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောင်ဒဏ်တွေ ချထားတဲ့ အမှုလေးမှုအတွက် အယူခံတင်သွင်းတာကိုတော့ စစ်ကောင်စီတရားရုံးက လက်ခံခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဩဂုတ် ၁၆ ရက်နေ့ရုံးချိန်းတုန်းက ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာငါးသိန်း ခွဲယူခဲ့တယ်ဆိုပြီး အတိုင်ပင်ခံကို စွဲဆိုထားတဲ့ အဂတိနှစ်မှုမှာ လိုပြသက်သေ နှစ်ယောက်မလာခဲ့တဲ့အတွက် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာလည်း စစ်ကောင်စီက တင်သွင်းထားတဲ့ အဲဒီတရားလိုပြသက်သေ နှစ်ယောက်ဟာ တရားခွင်ကို ရောက်မလာခဲ့ပါဘူး။

ဦးမောင်ဝိတ်ကတော့ သူ အလှူငွေပေးအပ်ခဲ့တယ်လို့ တရားခွင်မှာ ထွက်ဆိုထားတဲ့ အဂတိအမှု ၂ မှုအတွက် တရားရုံးဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချထားတာ ဖြစ်ပါတယ်။

၂၀၂၂ ဇွန်လအထိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု စုစုပေါင်း ၂၀ အထိရှိခဲ့ပြီး လက်ရှိအချိန်မှာ စုစုပေါင်း ၁၀ မှုအတွက် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ထားပါတယ်။ လက်ကျန် ၁၀ မှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကိုပေါင်းလိုက်ရင် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထောင်ဒဏ် စုစုပေါင်း အနှစ် ၁၂၀ နီးပါး ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013