
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အပါအဝင် စုစုပေါင်း လူအယောက် ၂၅၀ လောက် တင်ဆောင်လာတဲ့ စက်လှေတစင်းဟာ မလေးရှားနိုင်ငံကို သွားရောက်စဉ် ကပ္ပလီပင်လယ်ထဲမှာ နစ်မြုပ်ပြီး ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) တို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ကော့စ်ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့ကနေ ထွက်ခွာလာတဲ့ အဲဒီစက်လှေဟာ လူဦးရေအလွန်အကျွံတင်ဆောင်မှု၊ လေပြင်းတိုက်ခတ်မှုနဲ့ ပင်လယ်ပြင် ကြမ်းတမ်းမှုတွေကြောင့် နစ်မြုပ်ခဲ့တာလို့ ကုလသမဂ္ဂ အေဂျင်စီတွေက ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ပြောပါတယ်။
စက်လှေနစ်မြုပ်ခဲ့တဲ့ အချိန်အတိအကျနဲ့ ရှာဖွေကယ်ဆယ်ရေး အခြေအနေတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီဖြစ်ရပ်ဟာ ရိုဟင်ဂျာတွေရဲ့ ကာလရှည်ကြာ နေရပ်စွန့်ခွာနေရမှုနဲ့ ခိုင်မာတဲ့ ဖြေရှင်းချက်တွေ မရှိတာကို ထင်ဟပ်နေတယ်လို့ UNHCR နဲ့ IOM တို့က ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ ဘေးကင်းစွာ နေရပ်ပြန်ဖို့ မသေချာ မရေရာ ဖြစ်နေပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ ကန့်သတ်ခံထားရတာ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေတာတွေကလည်း သူတို့ကို ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ရွေးချယ်ဖို့ တွန်းအားပေးနေတယ်လို့ အဆိုပါအေဂျင်စီတွေက ဆိုပါတယ်။
ရိုဟင်ဂျာတွေဟာ နှစ်စဉ် နိုဝင်ဘာကနေ ဧပြီလအတွင်း ပင်လယ်ပြင်တွေ ငြိမ်သက်လာချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဆီ သစ်သားစက်လှေတွေနဲ့ ထွက်ခွာကြလေ့ ရှိပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလဆန်းအထိ ရိုဟင်ဂျာဦးရေ ၅,၁၀၀ ကျော်ဟာ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်လှေတွေနဲ့ ဦးတည်ထွက်ခွာခဲ့ကြပြီး လူ ၆၀၀ နီးပါးဟာ သေဆုံး/ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။










