Home
မြန်မာသတင်း
မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၂ ဦး မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိ
DVB
·
August 21, 2022
300005446_591454082623265_3526554437839947705_n

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်မှာ သြဂုတ် ၁၉ ရက်‌ နေ့က မြန်မာနိုင်ငံသား နှစ်ဦးဆီကနေ ဆေးပြားအလုံး ၅ သောင်းနဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းမိသူတွေဟာ တီးတိန်မြို့နယ်က အသက် ၂၆ နှစ်နဲ့ ၂၄ နှစ်အရွယ် အမျိုးသားနှစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

125 Kenbo ဆိုင်ကယ်နဲ့ မူးယစ်ဆေးသယ်ဆောင်စဉ် လမ်းမှ ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဩဂုတ် ၉ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသားတဦး ဘိန်းဖြူ ၆၃.၄၃ ဂရမ်နဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ အမြောက်အမြား နေထိုင်နေထိုင်ကြတဲ့ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ ဘိန်းဖြူအများဆုံး ဖမ်းဆီးရမိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သယ်ယူရောင်းချတာ မပြုလုပ်ဖို့၊ ဆက်လက်လုပ်ဆောင်ကြပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024