DVB Logo
Home
မြန်မာသတင်း
မဘိမ်းမြို့ရှိနယ် CDM ကျောင်းတွင် ဖဲကြိုးနက်ကမ်ပိန်းနှင့် စစ်အာဏာရှင်ဆန့်ကျင် ဟောပြောပွဲ ကျင်းပ
DVB
·
August 21, 2022
မဘိမ်းမြို့ရှိနယ် CDM ကျောင်းတွင် ဖဲကြိုးနက်ကမ်ပိန်းနှင့် စစ်အာဏာရှင်ဆန့်ကျင် ဟောပြောပွဲ ကျင်းပ
Donate to DVB

စစ်ကောင်စီရဲ့ ပြည်သူအပေါ်အကြမ်းဖက်မှုတွေနဲ့ အကျဉ်းထောင်တွင်းသတ်ဖြတ်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ဖဲကြိုးနက်ကမ်ပိန်းလှုပ်ရှားမှုကို ရှမ်းပြည်နယ်မြောက်ပိုင်း၊  မဘိမ်းမြို့နယ်ရှိ CDM စာသင်ကျောင်းမှာ  သြဂုတ် ၂၀ ရက်က ပြုလုပ်သွားပါတယ်။

မဘိမ်းမြို့ရှိ မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ S&C ဖွင့်လှစ်ထားတဲ့ CDM ကျောင်းမှာ ဖဲကြိုးနက်ကမ်ပိန်းလှုပ်ရှားမှုပြုလုပ် ဟောပြောဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသားမိဘတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ တိုင်းပြည်အာဏာ မတရား ရယူထားမှုတွေ၊ အကျဉ်းထောင်အတွင်းမှာ မတရားအကျဉ်းချခံထားရတဲ့ အကျဉ်းသားတွေအပေါ်  အကြမ်းဖက် နှိပ်စက်မှုတွေကို ဟောပြောဆွေးနွေးခဲ့ကြပြီး ကျောင်းသားလူငယ်တွေကို သမိုင်းကြောင်းကို သိဖို့အတွက် ဟောပြောပွဲကျင်းခဲ့တာလို့ S&C တာဝန်ရှိသူ ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ CDM ကျောင်းဆရာ တစ်ဦးက “ ကျနော်တို့ဟာ ကိုယ့်အိမ်မှာ သက်သောင့် သက်သာနဲ့ နေရချိန်မှာ  ထောင်တွင်းအကျဉ်းကျခံနေရတဲ့ ရဲဘော်တွေဟာ နေ့စဉ်နဲ့အမျှ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် တော်လှန်ရေး အရှိန်အဟုန်မြန်ဆန်စွာ ပြီးစီးဖို့ ပြင်ပက ပြည်သူတွေအားလုံး  ပူးပေါင်းပါဝင်မှသာ အမေစုနဲ့တကွ  ထောင်တွင်းအကျဉ်းချခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်နိုင်မှာပါ"လို့ ဟောပြောခဲ့ ပါတယ်။ 

၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကတရားမဝင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ အပြစ်မဲ့ပြည်သူပေါင်း  ၁၂၀၆၄ ဦးရှိပြီး နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၂၂၂၇ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့  စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့  ၄ ယောက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အကျဉ်းထောင်ထဲတွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။

မဘိမ်းမြို့နယ်မှာ CDM ကျောင်းကို စတင်ဖွင့်လှစ်ထားတာ ၂ လ လောက်ရှိပြီဖြစ်ပြီး CDM ဆရာ ဆရာမ ၁၄ ယောက်နဲ့ ကျောင်းသားကျောင်းသူ  ၁၈၀ လောက် တက်ရောက် ပညာသင်နေသလို လက်ရှိအချိန်အထိ မူလတန်းမှ သတ္တမတန်းအထိ သင်ကြားပေးနေပြီး အခုလက စတင်ကာ  ၁၀ တန်းအထိ ကျောင်းအပ်လက်ခံနေပြီလို့ ကျောင်းတာဝန်ခံကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013