DVB Logo
Home
မြန်မာသတင်း
နှစ်ပတ်အတွင်း ပဲစင်းငုံဈေး ၂၄ ရာခိုင်နှုန်း၊ မတ်ပဲဈေး ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်လာ
DVB
·
August 19, 2022
နှစ်ပတ်အတွင်း ပဲစင်းငုံဈေး ၂၄ ရာခိုင်နှုန်း၊ မတ်ပဲဈေး ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်လာ
Donate to DVB

ဒေါ်လာမူဝါဒ ပြောင်းလဲပြီးနောက် ပြည်တွင်းပဲဈေးကွက်မှာ နှစ်ပတ်အတွင်း ပဲစင်းငုံဈေး ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး မတ်ပဲဈေး ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးနှုန်းအရ အခုလပထမပတ်မှာ ပဲစင်းငုံ တတန်ကို ၁,၅၈၀,၀၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိပြီး၊ မတ်ပဲက တစ်တန်ကို ၁,၆၅၀,၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပါတယ်။ ဒေါ်လာမူဝါဒပြောင်းလဲပြီးနောက် လက်ရှိမှာ ပဲစင်းငုံ တစ်တန်ကို ၁၉၆၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး မတ်ပဲတတန်ကို ၁,၈၅၃,၀၀၀ ကျပ် အထိ ရောက်ရှိလာတာပါ။

ဗဟိုဘဏ်က တဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ ကန့်သတ်ခဲ့ပြီးတဲ့နောက် မှောင်ခိုစျေးကွက်မှာ ဒေါ်လာဈေး ထိုးတက်လာတဲ့အတွက်  သြဂုတ် ၅ ရက်ကစတင်ပြီး တဒေါ်လာကို ၂,၁၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းကို တရက်အတွင်း မြန်မာငွေ လဲလှယ်ရမဲ့ သတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့်ပေးခဲ့ပြီး တလအတွင်း ကိုယ်တိုင်အတွက် သုံးစွဲနိုင်သလို လွှဲပြောင်းရောင်းချနိုင်တယ်လို့ ဖြေလျှော့ပေးခဲ့ပါတယ်။

ဒီဖြေလျှော့မှုတွေကြောင့် ကုန်သည်တွေက ဈေးနှုန်းတိုးမြှင့်ပေးပြီး ဝယ်ယူလာနိုင်တာလို့  ဈေးကွက် စောင့်ကြည့်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ ဒါ့အပြင် ပြည်တွင်း ဒေါ်လာငွေလဲနှုန်းကလည်း ပြည်ပဈေးကွက်မှာ ကျပ် ၃,၀၀၀ ဝန်းကျင်ထိ ထိုးတက်နေတဲ့အတွက် ပြည်တွင်း ပဲစျေးတွေကို မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်က ပို့ကုန်သမားတွေအတွက် ဒေါ်လာမူဝါဒကို ဖြေလျှော့ထားတဲ့အပြင် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့မှာ ရာသီဥတုမတည်ငြိမ်တာ၊ အရန်ပဲလက်ကျန် နည်းပါးပြီး ဝယ်လိုအား ကောင်းနေတာတွေကြောင့် ဈေးဆက်တက်နိုင်တယ်လို့ ကုန်သည်အများစုက ခန့်မှန်းထားကြပါတယ်။

ပြည်တွင်း ပဲအထွက်နှုန်းကလည်း သွင်းအားစုစျေးနှုန်းနဲ့ စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်လာမှု၊  စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ စတာတွေကြောင့် စိုက်ဧကနဲ့ ပဲအထွက်နှုန်း ကျဆင်းနေပါတယ်။

လက်ရှိမှာ ပြည်ပကို အဓိကတင်ပို့တဲ့ ပဲအမျိုးအစားတွေအပြင် ကုလားပဲ၊ စားတော်ပဲတို့လို ပြည်တွင်းစားသုံးမှုများတဲ့ ပဲအမျိုးအစားတွေကလည်း မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေတာကြောင့် ဈေးမြင့်တက်နေပါတယ်။ မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ကို အများဆုံးစိုက်ပျိုးပြီး အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့ပါတယ်။

အခုဘဏ္ဍာနှစ် သြဂုတ် ဒုတိယပတ်အထိ ၄ လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၆ သိန်းကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဩဂုတ် ၁၂ ရက်နေ့အထိ ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတန်ချိန် ၄ သိန်း ၆ သောင်းကျော်နဲ့ နယ်စပ်ကနေ တန် ၁ သိန်း ၄ သောင်းနီးပါး တင်ပို့ထားပြီး အဲဒီပဲမျိုးစုံတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၄၆၃ ကျော် ရရှိထားတယ်လို့ ဆိုပါတယ်။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပဲတီစိမ်းကို တန်ချိန် ၂ သိန်း ၉ သောင်းကျော်အထိ အများဆုံးတင်ပို့ထားတာဖြစ်ပြီး မတ်ပဲ တင်ပို့မှုက တန်ချိန် ၁ သိန်း ၄ သောင်းဝန်းကျင်နဲ့ ပဲစင်းငုံ တင်ပို့မှုကတော့ တန်ချိန် ၂ သောင်းကျော်  ရှိတယ်လို့ စီးပွား/ ကူးသန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013