DVB Logo
Home
မြန်မာသတင်း
တကမ္ဘာလုံး စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့် ထိန်းချုပ်မရနိုင်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
DVB
·
August 16, 2022
တကမ္ဘာလုံး စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့် ထိန်းချုပ်မရနိုင်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
Donate to DVB

တကမ္ဘာလုံး စက်သုံးဆီဈေး တက်နေတာကြောင့် မြန်မာနိုင်ငံမှာလည်း ထိန်းချုပ်လို့မရနိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကစပြီး မန္တလေး၊ ရန်ကုန်နဲ့ မြို့ကြီးတွေအပါအဝင် မြို့အတော်များများက ဓာတ်ဆီဆိုင်ကြီးတွေမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပြီး၊ ဆီအလုံအလောက် မရောင်းနိုင်ဖြစ်နေတာကြောင့် ပြည်သူတွေ အခက်အခဲ ကြုံနေကြရတာပါ။

အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီပိုင် မြ၀တီသတင်းဌာနကနေ တကမ္ဘာလုံး စက်သုံးဆီဈေး တက်နေတာကြောင့် ထိန်းချုပ်မရတော့ဘူးဆိုပြီး ပြောကြားခဲ့တာပါ။

စက်သုံးဆီနဲ့ ပတ်သက်ပြီး အခွန်တွေ လျှော့ပေါ့ပေးနေသလို စက်သုံးဆီဝယ်ယူ တင်သွင်းနိုင်ဖို့ နိုင်ငံခြားငွေလည်း ရောင်းချပေးနေကြောင်း၊ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းချပေးနေတဲ့ စက်သုံးဆီဈေးနှုန်းက မြန်မာနိုင်ငံထဲ ရောင်းချနေတဲ့ ဈေးနှုန်းထက်ပိုပြီး မြင့်တက်နေတာကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄၊ ၁၅ ရက်တွေမှာ စက်သုံးဆီတင်သင်္ဘော ၅ စီး ဆိုက်ကပ်ကာ ဂါလန် ၁၃ သိန်း လောက် ဆိပ်ကမ်းချနေပြီး ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ စက်သုံးဆီတန်ချိန် ၄၃,၀၀၀ ထပ်မံဝင်ရောက်လာဖို့ ရှိသလို အရန်ဆီလည်း အသင့်ရှိတာကြောင့် ဆီပြတ်လပ်မှာကို မစိုးရိမ်ကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ဆီဆိုင်ပိုင်ရှင်တယောက်က ပြီးခဲ့တဲ့ရက်ပိုင်းက ရောင်းချဖို့မရှိအောင် ဆီပြတ်လပ်သွားပြီး အခက်အခဲ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

“တကယ်ဆို အရင်ရက်က ကျနော့်ဆိုင်မှာ ရောင်းစရာမရှိအောင်ကို ပြတ်သွားတာ။ အဲဒီတော့ မြို့အနေနဲ့ တော်တော်လေး ယောက်ယက်ခတ်သွားတာ။ အဲဒါကို မသိတော့ လိုင်းပေါ်တွေမှာတောင် တက်သွားတယ်၊ ကျနော်ကပဲ ဆီကိုလှောင်ပြီး၊ ဈေးကစားချင်တဲ့သဘော လုပ်တယ်လို့ ဘာတို့ပေါ့၊ တကယ်က ရောင်းစရာကို မရှိတာ၊ သူတို့ မသိကြဘူး။ ပြီးခဲ့တဲ့လကဆိုရင် ဆီဆိုင်တိုင်း ရှုံးကြတယ်၊ သူတို့ ဈေးနှုန်းသတ်မှတ်လိုက်တဲ့ရက်မှာ ဆီခွဲတမ်းက မရသေးဘူး၊ ကိုယ့်ဆီကို ဆီရောက်လာတော့ ဈေးက ထိုးကျနေပြီ၊ အဲ့ဒီမှာလည်း ရှုံးတယ်။ ရတော့လည်း ဆီက ခွဲတမ်းအတိုင်းပဲ ရတယ်။ အခုဆို တခါထုတ်ပေးရင် ဂါလန် ၄၀၀၀ လောက်ပဲရပြီး အဲဒီ ၄၀၀၀ က ကိုယ်ဆီကို တကယ်ရောက်တာက ၁၆၀၀ ဂါလန်ပဲ ရောက်လာတာ။ လျှော့တဲ့ကိစ္စကလည်း ဘယ်သူ့ကိုမှတိုင်လို့ ပြောလို့ မရဘူး၊။ အဲဒီဆီကလည်း နောက်တခေါက် ခွဲတမ်းထပ်မရမချင်း မကုန်အောင် ရောင်းရတယ်။ ကုန်သွားလို့ ဆိုင်ပိတ်မယ်ဆိုရင်လည်း ခဏတဖြုတ်ပိတ်လို့မရဘူး၊ အပြီးပိတ်ရမယ်တဲ့။ တကယ်က အဲဒီဆီက တရက်ရောင်းဖို့တောင် မလောက်ဘူး၊ အဲ့ဒါကို မကုန်အောင်ရောင်းရတာ။ နေ့တိုင်းလည်း စသုံးလုံး၊ ရဲ၊ SME၊ SB စတဲ့နေရာတွေကို တနေ့ ၃ ကြိမ်ကနေ ၅ ကြိမ်အထိ သတင်းပို့ရတာတွေကအစ လုပ်နေရတာ၊ သူတို့က ပိတ်တဲ့ဆိုင်တွေကို အရေးယူမယ်လို့သာ ပြောနေကြတာ၊ ဆိုင်တွေ အရှုံးခံပြီး ရောင်းနေရတာ၊ ဆီကိုမကုန်အောင် ရောင်းနေရတာတွေကိုတော့ စစ်ကောင်စီက သိသိကြီးနဲ့ ပြည်သူနဲ့ ရန်တိုက်ပေးနေတာ။”

စစ်တပ်မှ အာဏာမသိမ်းမီ အစောပိုင်းကာလ (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ) အောက်တိန်း ၁ လီတာကို ကျပ် ၆၀၀ ကျော် နဲ့  ဒီဇယ် ၁ လီတာကို ကျပ် ၇၀၀ ကျော်သာ ရှိခဲ့ပါတယ်။ ဒီကနေ့ (သြဂုတ် ၁၆ ရက်)မှာတော့ အောက်တိန်း ၁ လီတာက ၂၃၆၅ ကျပ် နဲ့ ဒီဇယ် ၁ လီတာကို ၂၇၈၀ ကျပ် ရှိပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက် အောက်တိန်းအမျိုးအစား စက်သုံးဆီဈေးက ၁ လီတာကို ၁၆၆၅ ကျပ် မြှင့်တက်သွားသလို ဒီဇယ်ဈေးနှုန်းကလည်း ၁ လီတာ ကို ၁၉၈၀ ကျပ် မြှင့်တက်သွားပါတယ်။ ဒါဟာ ရာခိုင်နှုန်းအားဖြင့်  ၇၀ ရာခိုင်နှုန်း မြှင့်တက်သွားတာပါ။

ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေက ဆီဆိုင်တွေမှာ လက်ရှိ ဆီပြတ်လပ်မှုတွေ မကြာခဏဖြစ်နေပြီး ဆီဈေးနှုန်းကြီးမြင့်တာ၊ လိုအပ်တဲ့ဆီအ မျိုးအစားမရှိတာ၊ လိုသလောက် ဝယ်မရတာ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီဝယ်ယူရတာ စတဲ့ အခက်အခဲတွေ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013