
အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ ဗေဒင်ယတြာတွေကို ယုံကြည်စွဲလမ်းမှု ကြီးမားပြင်းထန်တဲ့ မြန်မာပဒေသရာဇ်ခေတ်မှာ ‘မင်းလောင်း ပေါ်တယ်’ ဆိုတဲ့ အသံကြားရင် ဘုရင်တွေက မရ ရအောင် လိုက်သတ်ကြတယ်ဆိုတဲ့ နှုတ်ပြောဇာတ်လမ်းတပုဒ်ကို ကြားဖူးကြမယ် ထင်ပါတယ်။ အဲဒီဇာတ်လမ်းက အမှန်ပါ။ ဒဏ္ဍာရီ မဟုတ်ပါဘူး။
မင်းလောင်း ဆိုတာ သူ့နန်းပလ္လင်ကို လုမဲ့သူဖြစ်တာမို့ ဘုရင်က သူ့ကို ဆက်လက်ရှင်သန်ခွင့် ဘယ်ပေးပါ့မလဲ။ ဒါက ရှင်းပါတယ်။ အထူးသဖြင့် နန်းပလ္လင်(အာဏာ)ကို မတရားသဖြင့် ရယူ သိမ်းပိုက်ထားတဲ့ ဘုရင်ဖြစ်ရင် အဲဒီ ‘မင်းလောင်း’ ဆိုတာကို အကောင်တောင် မဖြစ်သေးတဲ့ ဥဘဝမှာတင် မရအရ လိုက်သတ်တဲ့ ဇာတ်လမ်းတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီး ရှိပါတယ်။
သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ် ကုန်ဆုံးသွားပြီး နိုင်ငံ့အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဟာ ပြည်သူတွေ ဖြစ်တယ်ဆိုတဲ့ သဘောတရား တစတစ ထွန်းကားပြန့်ပွားလာနေချိန်မှာ နိုင်ငံတော် ဆိုတာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ယန္တရားစနစ် လည်ပတ်ပုံတွေဟာလည်း ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတချို့မှာတော့ အပေါ်ယံသွင်ပြင်(ပုံသဏ္ဌာန်)တွေသာ ပြောင်းလဲပြီး အတွင်းသား (အနှစ်သာရ)ကတော့ မပြောင်းလဲဘဲ ရှိနေဆဲ ဖြစ်ပါတယ်။
မင်းလောင်းကိစ္စမှာလည်း အဲသလိုပဲ ဖြစ်ပါတယ်။
အဲသလိုမျိုး နိုင်ငံတွေထဲက တခုက မြန်မာနိုင်ငံ ဖြစ်ပါတယ်။ အတ္တမာန အာဃာတကြီးခြင်း၊ ဉာဏ်ပညာ အမြော်အမြင်နည်းပါးခြင်း၊ ကတိသစ္စာ မတည်ခြင်း စတဲ့ လူမိုက် (အာဏာရှင်) တွေမှာ တွေ့ရတတ်တဲ့ ဂုဏ်ဒြပ်တွေ အပြည့်အစုံရှိတဲ့ ဗိုလ်နေဝင်းဟာ သူ့လက်ထဲ စစ်တပ် ရောက်လာချိန်မှာ မင်းလောင်း ဖြစ်လာနိုင်သူတွေကို တယောက်ပြီးတယောက် ရှင်းလင်းခဲ့ပါတယ်။ ဒါပေမဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်မှာလို လက်စတုံး သုတ်သင်ရှင်းလင်းပစ်တဲ့ နည်းလမ်းကိုတော့ (သုံးမရလို့) မသုံးခဲ့ပါဘူး။ သူ စစ်ဦးစီးချုပ် ဖြစ်လာချိန်မှာ သူနဲ့ခေတ်ပြိုင် ဗမာ့တပ်မတော်ရဲ့ ပထမဆုံးအသုတ် (first batch) ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ထဲက အစုဝင် အများစုကြီးက တပ်ထဲမှာ မရှိတော့ပါဘူး။ သေသူ သေ၊ နိုင်ငံရေးထဲ ရောက်သူရောက်၊ နိုင်ငံရေးအပြင် ရောက်သူရောက်၊ ပြည်သူ့ရဲဘော်ထဲ ရောက်သူရောက်၊ တောခိုသူ ခိုနဲ့ တပ်ထဲမှာ သူနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောပဲ ရှိပါတော့တယ်။
တပ်သား၊ တပ်ဗိုလ်၊ တပ်မှူးတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ ဗိုလ်ကျော်ဇော တရုတ်ဖြူနဲ့ တိုက်ရတဲ့ တိုက်ပွဲတွေမှာ နာမည်ဂုဏ်သတင်း ပိုမိုထင်ရှားကျော်ကြားလာတဲ့အခါ သူ့ကုလားထိုင် လှုပ်လာပြီလို့ ခံစားလာရတဲ့ ဗိုလ်နေဝင်းက တောခို(ဗကပ) ခေါင်းဆောင်တယောက်နဲ့ အဆက်အသွယ်ရှိမှုကို အကြောင်းပြုပြီး ဗိုလ်ကျော်ဇောကို ရာထူးက အနားပေးလိုက်ပါတယ်။ ဗိုလ်ကျော်ဇောက တပ်လုပ်ထုံးလုပ်နည်းအတိုင်း ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တောင်းဆိုပေမဲ့ ဗိုလ်နေဝင်းက လုပ်မပေးပါဘူး။ ရဲဘော်သုံးကျိပ်ဝင်ချင်းမို့ သဘောထားကြီးတဲ့ပုံမျိုးဖမ်းပြီး ဗိုလ်ကျော်ဇောကို သူ့ပြိုင်ဘက်နေရာက ဖယ်ရှားလိုက်ပါတယ်။
စစ်တပ် ဝါစဉ်အရပြောရင် သူ့အောက် တဆင့်နိမ့်တဲ့ ထက်မြက်တဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်အောင်ရွှေ (နောင်မှာ NLD ဥက္ကဋ္ဌဖြစ်လာသူ) နဲ့ စစ်ဗိုလ်တစုကိုတော့ ၁၉၆၀ ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ပွဲ ဘက်လိုက်မှု အကြောင်းပြပြီး ဖယ်ရှားလိုက်ပါတယ်။ သူ့ရဲ့ လက်ရင်းတပည့် နှစ်ယောက်ဖြစ်တဲ့ ဗိုလ်မောင်မောင်ကို ၅၈ အာဏာသိမ်းပွဲပြီးနောက် မကြာမီ ဗိုလ်အောင်ကြီးကို ၆၂ အာဏာသိမ်းပွဲပြီးနောက် မကြာမီမှာ ဖယ်ရှားလိုက်ပါတယ်။
မဆလ ခေတ်မှာ နံပါတ်တစ်ဖြစ်တဲ့သူနဲ့ နံပါတ်နှစ် ဗိုလ်စန်းယုကြား ‘နံပါတ်တစ်ခွဲ’ လို့ နာမည်ကြီးလာလောက်အောင် သူ့ကို ရွပ်ရွပ်ချွံချွံ အကျိုးပြုခဲ့တဲ့ ဗိုလ်တင်ဦး (မျက်မှန်ကြီး/လန်ဘားကြီး) ကို စိတ်မချတော့တဲ့အတွက် ၈၂ မှာ ရာထူးက ဖယ်ရှားရုံသာမက ထောင်ထဲပါ ထည့်လိုက်ပါတယ်။ သူ့ကို မဟုတ်မတရား လာဘ်စားမှုနဲ့ စွဲချက်တင် ထောင်ချလိုက်တာဖြစ်တယ်လို့ ရင်းနှီးသူတယောက်ကို ဗိုလ်တင်ဦးက ဝမ်းပမ်းတနည်း ပြောပြခဲ့ပါတယ်။
သူကိုယ်တိုင် လက်သပ်မွေး ပြုစုပျိုးထောင်ပေးခဲ့ပြီး စစ်ဦးစီးချုပ်ရာထူးကိုတောင် ယုံယုံကြည်ကြည် လွှဲအပ်ခဲ့တဲ့ ဗိုလ်တင်ဦး (နောင်မှာ NLD ဥက္ကဋ္ဌဖြစ်လာသူ)၊ ဗိုလ်ကျော်ဇောလိုပဲ စစ်တပ်တခုလုံးရဲ့ ချစ်ခင်လေးစားမှုကို ရရှိလာတဲ့အခါ ရာထူးက အနားပေးလိုက်ပါတယ်။ သူတို့ စစ်ခေါင်းဆောင်တအုပ်လုံးကို အပြတ်ရှင်းဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ကိုလည်း ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ မဆလပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ရွေးကောက်ပွဲ နည်းလမ်းနဲ့ သူ့ကို ဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့ ပါတီအတွင်းရေးမှူးအဖွဲ့ကိုလည်း ရာထူးတာဝန်တွေက ဖယ်ရှားပစ်ခဲ့ပါတယ်။
ဗိုလ်နေဝင်းကို ဆက်ခံခဲ့တဲ့ ဗိုလ်သန်းရွှေကကော ဘယ်လိုလဲ။ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်ချစ်ဆွေ စတဲ့ သူနဲ့ခေတ်ပြိုင် စစ်တိုင်းမှူးတွေကို ဝန်ကြီးရာထူးတွေပေးပြီး တပ်နဲ့ ကင်းကွာသွားအောင် လုပ်ပစ်လိုက်ပါတယ်။ သူ့ကို တပ်ချုပ်ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်းကိုတောင် နောင်မှာ သူ့ရာထူးအတွက် စိတ်မချဖြစ်လာတဲ့အခါ အိမ်အကျယ်ချုပ် ချထားလိုက်ပြီး ဗိုလ်နေဝင်း အရှိန်အဝါနဲ့ တခေတ်ထူထောင်ဖို့ ကြိုးစားတဲ့ သူ့သမက်နဲ့ မြေးတွေကို ထောင်ထဲ ထည့်ထားလိုက်ပါတယ်။ ဗိုလ်နေဝင်းရဲ့ အစီအစဉ်အရ တပ်ချုပ် ဗိုလ်စောမောင်ကို ဖယ်ရှားပြီး သူ့ကို တပ်ချုပ် ဖြစ်လာအောင် အဓိကအကူအညီပေးခဲ့တဲ့ ဗိုလ်ခင်ညွန့်ကိုလည်း လက်တံရှည်လာပြီလို့ ယူဆလာတဲ့အခါ ရာထူးတာဝန်အားလုံးက ဖယ်ရှားပြီး အိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။
အဲဒါက စစ်အာဏာရှင်တွေရဲ့ နန်းပလ္လင် ကာကွယ်ပုံဖော် နည်းကား ဖြစ်ပါတယ်။ တနည်း မင်းလောင်း ရှင်းဖော် နည်းကား ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်တွေ နောက်တလှမ်းဆုတ်ကာ ပါတီစုံစနစ်ကို ပြန်လည်ခွင့်ပြုပေးလိုက်ရပြီးနောက် သူတို့မှာ ရန်သူ(မင်းလောင်း) နောက်တမျိုး တိုးလာပါတယ်။ လူထုတရပ်လုံးရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
ပြည်တွင်း ပြည်ပ နိုင်ငံရေးဖိအားတွေ ရှိလာတာကြောင့် အစောပိုင်းမှာ ဗိုလ်စောမောင်၊ နောက်ပိုင်းမှာ ဗိုလ်သန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းရာမှာ သူတို့စစ်တပ်ထဲက လူတွေကို ရှင်းလင်းရသလောက် သိပ်မလွယ်ပါဘူး။ ဒါကြောင့် သူ့အာဏာကို ဒေါ်အောင်ဆန်းစုကြည် စိန်မခေါ်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်ကျည်တဲ့ ယုံကြည်ချက်ကို ရေရော(neutralize) ဖို့ ကြိုးစားရင်း အချိန်ကိုဝယ်ယူတဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ (၁၉၈၈-၂၀၂၀) ကာလဟာ စစ်အုပ်စုက အဲဒီနည်းလမ်းကို အသုံးပြုခဲ့တဲ့ ကာလ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီနည်းလမ်းက သူတို့အကျိုးစီးပွားကို ထာဝရကာကွယ်စောင့်ရှောက်ဖို့ လုံလောက်မှု မရှိတော့ဘူးလို့ ယူဆလာတဲ့အခါ စစ်အုပ်စုက ၂၀၂၁ အာဏာသိမ်းပွဲနဲ့ ‘အကြွင်းသုည ကစားပွဲ’ကို ကစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါက နိုင်သူ အကုန်ယူ (တနည်း) သေမြေကြီး ရှင်ရွှေထီး ကစားပွဲ ဖြစ်ပါတယ်။
ဒီနေ့ခေတ် လက်ဝှေ့ပွဲတွေလို နိုင်သူနဲ့ ရှုံးသူတို့ တယောက်ကို တယောက် ဖက်ပွေ့ပြီး အပြန်အလှန် ဂုဏ်ပြုကြတဲ့ ကစားပွဲမျိုး မဟုတ်ပါဘူး။ အလယ်ခေတ်က ဂရိတို့ ရောမတို့မှာ ပေါ်ခဲ့ဖူးတဲ့ ကျွန်တယောက်နဲ့ တယောက် စီးချင်းထိုးတဲ့ပွဲမှာ နိုင်သူက ရှုံးသူကို အသေသတ်ရတဲ့ ပွဲမျိုး ဖြစ်ပါတယ်။ ရှုံးသူကို အသေသတ်မှ နိုင်သူ အသက်ရှင်သန်ခွင့်ရတဲ့ ပွဲမျိုး ဖြစ်ပါတယ်။ ကျွန်ပိုင်ရှင်တွေက အဲသလိုပွဲမျိုးကို ဖန်တီးပြီး သူတို့ရဲ့ သွေးဆာမှု အာသီသကို ဖြည့်ဆည်းကြတာ ဖြစ်ပါတယ်။ ဒီဘက်ခေတ် ကမ္ဘာပေါ်မှာ အဲသလို အာသီသမျိုးက ကမ်းကုန်အောင် မိုက်မဲတဲ့ လက်တဆုပ်စာ အာဏာရှင်တွေ ရင်ထဲမှာပဲ ရှိပါတယ်။ အဲဒီထဲမှာ မြန်မာစစ်အာဏာရှင်တွေ ပါပါတယ်။
၂၀၂၁ အာဏာသိမ်းခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်ဝါဒီအဟောင်း အသစ် တစုရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမြင်က အာဏာသိမ်းမှုမတိုင်မီ ကာလအတန်ကြာကတည်းက ပြောင်းလဲနေခဲ့ပြီ ဖြစ်ပါတယ်။ သူတို့က ပြည်သူနဲ့ အပေးအယူ အလျှော့အတင်းရှိတဲ့ ‘ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ’ နည်းလမ်းကို စွန့်လွှတ်ထားခဲ့ကြပြီ ဖြစ်ပြီး အချိန်ကောင်း အခွင့်ကောင်းကို စောင့်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့လက်ထဲ အာဏာရောက်လာခဲ့ပြီးနောက် မကြာမီမှာ ဗိုလ်မင်းအောင်လှိုင်က တပ်မတော် ရှေ့သွားမဲ့ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ မရှိဘူး ဆိုတဲ့၊ သူ့ရှေ့က စစ်ခေါင်းဆောင်တွေတောင် မပြောခဲ့ဖူးတဲ့ စကားကို သူ့ရဲ့ပြောခွင့်ရ ဗိုလ်ဇော်မင်းထွန်းကတဆင့် ပြောခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ် တစတစ အရှိန်မြင့်လာချိန်မှာ ပြည်သူကို အရှိန်မြှင့်ဖိနှိပ်ရင်း စစ်အုပ်စုရဲ့ ခြေလှမ်းတွေက ပိုပိုပြီး အကွေ့ရ အဆုတ်ရ ခက်လာပါတယ်။ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက်နဲ့ နွေဦးခေါင်းဆောင် ၄ ယောက်ကို ကြိုးပေးကွပ်မျက်ပြလိုက်တဲ့ လုပ်ရပ်က ပြောင်းပြန်ရလဒ် ထွက်လာတဲ့အခါမှာတော့ ဆုတ်လမ်း လုံးဝပိတ်သွားပြီဖြစ်တဲ့ စစ်အုပ်စုဟာ မြုံးအခြေကိုပဲ ကိုက်ဖောက်ထွက်တော့မယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ မြုံးထဲကိုပဲ အားကုန်တိုးဝင်ပါတော့တယ်။
မြန်မာ့ပဋိပက္ခနဲ့ အတော်အတန်နီးစပ်တဲ့ ပဋိပက္ခတခုက တောင်အာဖရိကပဋိပက္ခ ဖြစ်ပါတယ်။ အဲဒီမှာလည်း အစွန်းရောက် အသားအရောင်ခွဲခြားရေးဝါဒီတွေဟာ သမ္မတ ဘိုသာ လက်ထက်အထိ အကြွင်းသုညကစားပွဲ ကစားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့လက်ထက်တွေမှာ လူထုခေါင်းဆောင် မင်ဒဲလားဟာ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာပေါ်မှာ အကြွင်းသုညကစားပွဲကို အချိန်အကန့်အသတ်မဲ့ ကစားနိုင်တဲ့ အာဏာရှင် မရှိ ဆိုတဲ့ သဘောတရားအရ တောင်အာဖရိကမှာလည်း တချိန်မှာ အဲဒီကစားပွဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အစွန်းရောက် အသားအရောင်ခွဲခြားရေးဝါဒီ အာဏာရှင်တွေ လက်ထက်မှာတော့ မဟုတ်ပါဘူး။ (Win-Win) ဝါဒီ ဒီကလပ်လက်ထက်ရောက်မှ ဖြစ်ပါတယ်။ တနည်းပြောရရင် ပြည်သူ့ဆန္ဒ သို့မဟုတ် တရားမျှတမှုကို တန်ဖိုးထား လေးစားသူ လက်ထဲ အာဏာရောက်လာမှ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှတဆင့် စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ တဖက်မှာ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်မှု၊ မျိုးနွယ်စု သန့်စင်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဆိုတဲ့ နိုင်ငံတကာအဆင့် ရာဇဝတ်မှုအားလုံးကို ကျူးလွန်ထားလို့ ဝရမ်းပေါင်းစုံ အထုတ်ခံထားရတဲ့၊ နောက်ထပ် အထုတ်ခံရဖို့တွေလည်း ရှိနေတဲ့ ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စု။ တခြားတဖက်မှာတော့ ပြည်သူ့ဆန္ဒကို ထင်ဟပ်ပြီး တော်လှန်ရေးဦးဆောင်အဖွဲ့တွေက စုပေါင်းထုတ်ပြန်ထားတဲ့ တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ ‘လမ်းပြမြေပုံ (၆) ချက်’။ မျဉ်းပြိုင်ဆိုတာ ဆုံရိုးထုံးစံ မရှိပါဘူး။ တောင်အာဖရိကမှာလို အာဏာရှင်တွေဘက်မှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်လာမှ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတုကတဆင့် ဖြစ်လာတဲ့ သမ္မတအတု ဗိုလ်မင်းအောင်လှိုင်က သူ့အစိုးရအတုရဲ့ ပထမဆုံး ရက် ၁၀၀ ပြည့်တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်အတုထဲက လွှတ်တော်ကိုယ်စားလှယ်အတုတွေကို ပြောတဲ့မိန့်ခွန်းမှာ သူကိုယ်တိုင် သဘောတူထားခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ခုကို စိန်ခေါ်သွားခဲ့ပါတယ်။ ဒါကြောင့် အဖြေက သိပ်ကို ရှင်းနေပါတယ်။ ဗိုလ်မင်းအောင်လှိုင်နဲ့ သူ့စစ်အုပ်စုလက်ထက်မှာတော့ မြန်မာပြည်သူများရော နိုင်ငံတကာအသိုက်အဝန်းကပါ လိုလားတောင့်တနေကြတဲ့ အဓိကအကျိုးစီးပွားသက်ဆိုင်သူ (Key Stakeholder) အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ထွန်းလာဖို့ဆိုတာ မိုးကုပ်စက်ဝိုင်းအဆုံးကို ရှာနေတာလို အဖြေမထွက်မဲ့ ပုစ္ဆာသာ ဖြစ်ပါလိမ့်မယ်။
ပြည်တွင်း ပြည်ပ လူအများ စိတ်ဝင်စားနေကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတခု ဩဂုတ် ၃ ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အိုင်စီအာစီ ဌာနေကိုယ်စားလှယ်က သွားရောက်တွေ့ဆုံတဲ့ သတင်းပါ။ ဒီသတင်းကို စစ်အုပ်စုမီဒီယာက ထုတ်ပြန်ပြီး အိုင်စီအာစီကလည်း မှန်ကန်ကြောင်း အတည်ပြုပါတယ်။ ဒီသတင်းကြောင့် လူအများ စိုးရိမ်ပူပန်နေကြတဲ့ ‘ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးရဲ့လား’ ဆိုတဲ့ပြဿနာကတော့ ရှင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အေအေပီပီ ထောက်ပြထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုကြောင်း ပြောဆိုထားတဲ့ နိုင်ငံတကာခေါင်းဆောင် အများအပြားရှိနေတဲ့ကြားက အိုင်စီအာစီနဲ့ပဲ တွေ့ခွင့်ပြုတာက စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားတယောက်အဖြစ်ပဲ သဘောထားတယ်ဆိုတဲ့ အချက်ကို ဖော်ညွှန်းနေပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ဒီလုပ်ရပ်ဟာ တနေ့တခြား ပိုမိုပြင်းထန်လာနေတဲ့ ပြည်တွင်း ပြည်ပ ဖိအားတွေကို အတိုင်းအတာတခုအထိ လျော့ပါးသွားစေဖို့ကလွဲပြီး တခြားဘာမှမဟုတ်ဘူးဆိုတဲ့ အချက်ကို မြင်နိုင်ပါတယ်။ အဲဒါကလည်း စစ်အာဏာရှင်တွေရဲ့ လက်ရိုးတွက်နည်းတခုသာ ဖြစ်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်နဲ့ သူ့စစ်အုပ်စုဆီက စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဘာမှ မျှော်လင့်စရာ မရှိပါဘူး။
စစ်မိစ္ဆာတစ်စု အကြွင်းသုည ကစားပွဲကို မိုက်မိုက်မဲမဲ ကစားနေတဲ့ မြန်မာနိုင်ငံမှာ သူတို့တအုပ်မှတပါး ကျန်မြန်မာပြည်သူတရပ်လုံးအတွက် လင်းလက်တောက်ပတဲ့ အနာဂတ်ကို အာမခံမဲ့စနစ်တခု ထူထောင်တည်ဆောက်ဖို့ ဆိုတာ နွေဦးပြည်သူတွေနဲ့ တရားမျှတမှုကို အမှန်တကယ် လိုလားတဲ့ နိုင်ငံတကာအသိုက်အဝန်းသာမက စစ်တပ်ထဲက တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေပါ မဖြစ်မနေ ထမ်းဆောင်ရမဲ့တာဝန် ဖြစ်ပါတယ်။










