Home
ဆောင်းပါး
ကျားဖြန့်ပုစ္ဆာ
DVB
·
June 9, 2025

တရုတ်အမျိုးသား ရုပ်ရှင်သရုပ်ဆောင်တဦး ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ၃ ရက်လောက်အကြာ ထိုင်းနယ်စပ် မြန်မာပိုင် မြဝတီမြို့ နယ်နိမိတ်အတွင်း လှုပ်ရှားနေတဲ့ ကျားဖြန့်ဝင်္ကပါထဲကနေ ထိုင်းရဲတွေက သူ့ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးနောက် မကြာမီမှာ   ကျားဖြန့်နှိမ်နင်းရေး ဇင်ယော်စီမံချက် ဒုတိယအဆင့် စတင်တော့မယ်လို့ တရုတ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံ အများအပြားက ပြည်သူတွေကို ဒုက္ခပေးခဲ့တာကြောင့် အခုအချိန်မှာ အဲဒီနိုင်ငံတွေရဲ့ အစိုးရတွေ ခေါင်းအကြီးအကျယ်ကိုက်ရာကနေ ကမ္ဘာ့ပြဿနာတရပ် အဖြစ်သို့ ရောက်ရှိလာခဲ့တဲ့ ကျားဖြန့် ဒုစရိုက်အင်ပါယာက မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ ရှိနေတာမို့ ဒီပြဿနာကို ဖြေရှင်းရေးမှာ  မြန်မာနိုင်ငံက သော့ချက်ကျသူ (focal person) အဖြစ် ရှိနေပါတယ်။ ဒါကြောင့် ကျားဖြန့်ကို နှိမ်နင်းဖို့ အမှန်တကယ် ဆန္ဒရှိသူတွေဟာ မြန်မာနိုင်ငံနဲ့ တကယ်ပဲ နက်နက်ရှိုင်းရှိုင်း လက်တွဲပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဘယ်သူနဲ့ ပူးပေါင်းဆောင်ရွက်မှာလဲ ဆိုတဲ့ မေးခွန်းရှိပါတယ်။ ပြည်သူ့အစိုးရဆီက အကြမ်းဖက် အာဏာလုထားတဲ့ စကစ နဲ့လား။ ပြည်သူ့အစိုးရအဖြစ် ဆက်လက်တည်ရှိနေတဲ့ NUG နဲ့လား။ တချိန်တည်းမှာ ဒီကနေ့ ထင်ထင်ရှားရှား လူသိရှင်ကြား ပေါ်ထွက်လာတဲ့ အချက်တခုက ကျားဖြန့်ဆိုတဲ့ အပင်ကြီးကို နှစ်ရှည်လများ ရေလောင်းပေါင်းသင် အစာကျွေးလာခဲ့ကြသူတွေဟာ စကစ အပါအဝင် စစ်အာဏာရှင်အဆက်ဆက် ဖြစ်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့ NUG က ဒီလုပ်ငန်းမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်လို့ ကမ်းလှမ်းထားတဲ့ကြားက အဲဒီစီမံချက်ကို ဦးဆောင် အကောင်အထည်ဖော်ကြမယ့် တရုတ်နဲ့ ထိုင်းတို့က အာဏာလုထားတဲ့ စကစ နဲ့ပဲ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြမယ့် အရိပ်အယောင်တွေကို မြင်တွေ့နေရပါတယ်။ ပြည့်တန်ဆာလုပ်ငန်း ပပျောက်ရေးအတွက် ပြည့်တန်ဆာခေါင်းနဲ့ လက်တွဲပူးပေါင်း လုပ်ဆောင်မယ့်သဘော မြင်တွေ့နေရတာပါ။ ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။ ဒီမေးခွန်းကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြေနိုင်ဖို့ဆိုရင် မြန်မာနဲ့ အဲဒီနှစ်နိုင်ငံကြား  ဆက်ဆံရေးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို အကျဥ်းမျှ စေ့ငုမှန်းဆကြည့်ဖို့ လိုအပ်ပါတယ်။

၁၉၄၈ မှာ မြန်မာက လွတ်လပ်ရေးရပြီး ၁၉၄၉ မှာ တရုတ်မှာ ကွန်မြူနစ်ပါတီ အာဏာရတယ်။ အဲဒီကာလမှာ မြန်မာ-တရုတ် ဆက်ဆံရေးက အင်မတန်ကောင်းခဲ့တယ်။ ဆက်ဆံရေးက အပြန်အလှန် လေးစားပြီး တန်းတူရည်တူမှုရှိတဲ့ ဆက်ဆံရေးပါ။ တရုတ်-ဗမာ အရေးအခင်း ၁၉၆၇ အပြီးမှာ ဆက်ဆံရေး ကျဲသွားခဲ့ပြီးနောက် ကမ္ဘာ့ကွန်မြူနစ်ခေါင်းဆောင်နိုင်ငံဖြစ်တဲ့ တရုတ်က လက်ဝဲကူညီရေးခေါင်းစဥ်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ကူညီထောက်ပံ့မှု အများအပြား ပြုလုပ်ခဲ့တယ်။ ဗကပ အတွက် တိုက်ပေးရင်း တရုတ်နိုင်ငံသား အများအပြား သေဆုံးခဲ့တယ်။ ဒါပေမဲ့.. ကြောင်ဖြူတာ မည်းတာက  အရေးမကြီးဘူး.. ကြွက်ခုတ်ဖို့ပဲ အရေးကြီးတယ်.. ဆိုတဲ့ မူဝါဒနဲ့.. ချမ်းသာတာကောင်းတယ်.. ဆိုတဲ့ အယူအဆပိုင်ရှင် တိန့်ရှောင်ဖိန် အာဏာရလာတဲ့အခါ တရုတ်ဟာ နိုင်ငံတကာ ကွန်မြူနစ်ဝါဒကို လွှတ်ချလိုက်ပြီး အမျိုးသားအကျိုးစီးပွား အဓိကဝါဒကို ကျင့်သုံးလာခဲ့တယ်။ အဲဒီကာလတွေအတွင်း မြန်မာ-တရုတ် ဆက်ဆံရေးက ပုံမှန်ပဲရှိခဲ့တယ်။

ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် မဆလ ဆီက အာဏာလွှဲပြောင်းရယူခဲ့တဲ့ စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နင်းချေခဲ့အပြီးမှာ ကမ္ဘာရဲ့ ဝိုင်းပယ်ခြင်းကို ခံခဲ့ရတယ်။ ဒီအခြေအနေမှာ စစ်အစိုးရဟာ သူဆက်လက်ရပ်တည် ရှင်သန်နိုင်ဖို့အတွက် တရုတ်ကို လွန်လွန်ကဲကဲ အားကိုးခဲ့ရတယ်။ စစ်အစိုးရကို တရားနဲ့ မလျော်ညီစွာ ပေးခဲ့တဲ့ နိုင်ငံရေး၊ သံတမန်ရေး အကူအညီတွေအတွက် တရုတ်က သူ့အတွက် အကျိုးအမြတ်ကို နင့်နေအောင် ပြန်လည်ရယူခဲ့တယ်။ ၂၀၁၅-၂၀ ကာလမှာ NLD ပြည်သူ့အစိုးရက စစ်အစိုးရတွေလက်ထက် နိုင်ငံခြားအစိုးရတွေနဲ့ ချုပ်ဆိုခဲ့တဲ့ တရားမျှတမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေကို ပြန်လည်ပြင်ဆင် တည့်မတ်နိုင်ဖို့ အပါအဝင် ဒီမိုကရေစီရေး  ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားခဲ့တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရပြီး အဲဒီအစိုးရရဲ့ ဒုတိယသက်တမ်း စတင်ဖို့ရှိနေချိန် ၁-၂-၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်။

အဲသလို အာဏာသိမ်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်ဆီက သဘောတူညီချက် ရယူခဲ့ခြင်း ရှိမရှိ ဆိုတာက ဒီနေ့အထိ အဖြေမထွက်သေးတဲ့ ပဟေဠိတခု ဖြစ်နေဆဲဖြစ်တယ်။ ကြိုတင်သဘောတူညီချက် ရယူခဲ့ခြင်းတော့ မရှိဘူး၊ ဒါပေမဲ့ အာဏာသိမ်းမှုကို တရုတ်က စိတ်ထဲက ကျိတ်ပြီး  သဘောကျနေသလား ဆိုတာကိုတော့ အာဏာသိမ်းမှုနောက်ပိုင်း ဒီနေ့အထိ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာဆန်းစစ်ပြီး အကဲဖြတ်နေရတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။

ပဒေသရာဇ်ခေတ် နှောင်းပိုင်းမှာ မြန်မာဘုရင်တွေက ထိုင်းကို အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေရှိတာကြောင့် အဲဒီကာလတွေမှာ မြန်မာ-ထိုင်း ဆက်ဆံရေးက ကောင်းတယ်လို့  မဆိုနိုင်ဘူး။ ဒါပေမဲ့ ခေတ်သစ်မြန်မာစစ်တပ် (ဘီအိုင်အေ) က ထိုင်းနိုင်ငံထဲမှာ မွေးဖွားခဲ့တာဖြစ်တယ်။ မြန်မာ့ပြည်တွင်းစစ်တလျှောက်လုံး တော်လှန်ရေးအဖွဲ့တွေ (အထူးသဖြင့် KNU) က နှစ်နိုင်ငံနယ်စပ်မှာ  အခြေပြု လှုပ်ရှားတယ်။ အဲဒီအခြေအနေကို အကြောင်းပြုပြီး ပေါ်လာတဲ့ လက်နက်မှောင်ခိုလုပ်ငန်းမှာ ထိုင်းအစိုးရတွေထဲက အကျင့်ပျက် ခြစားသူတွေ အကြီးအကျယ် စီးပွားဖြစ်ခဲ့ကြတယ်။ မြန်မာမှာ ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းအစိုးရ တက်လာပြီးနောက်ပိုင်း အဲဒီအစိုးရရဲ့ မှားယွင်းတဲ့ စီးပွားရေး မူဝါဒတွေကြောင့် မှောင်ခိုစီးပွားရေးလုပ်ငန်း အကြီးအကျယ် ထွန်းကားခဲ့တယ်။ အဲဒီလုပ်ငန်းကြောင့် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အကျိုးစီးပွား အကြီးအကျယ် ဖြစ်ထွန်းပြီး အဲဒီနိုင်ငံတွေထဲမှာ ထိုင်းက အဖြစ်ထွန်းဆုံး ဖြစ်တယ်။ အဲဒီအချိန်ကစလို့ အခုအထိ ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ထိုင်းက တောက်လျှောက် အသာစီးရခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစက မြန်မာငွေတကျပ်နဲ့ ထိုင်းငွေတဘတ် ညီမျှတယ်။ ၂၀၀၅ လောက်မှာ မြန်မာငွေတသိန်းပေးရင် ထိုင်းဘတ် ၅,၀၀၀ ရသေးတယ်။ အခုလက်ရှိ ၂၀၂၅ မှာ မြန်မာငွေ တသိန်းပေးရင် ထိုင်းဘတ် ၇၅၀ ပဲ ရတော့တယ်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာငွေက ထိုင်းငွေနဲ့ နှိုင်းယှဥ်လိုက်ရင် တန်ဖိုး ၁၃၃ ဆ ကျဆင်းသွားခဲ့တာဖြစ်တယ်။ ၁၉၄၈ တုန်းက ထိုင်းငွေ ၁၃၃ ဘတ်ပေးမှ ရခဲ့တဲ့ မြန်မာပစ္စည်းတခုကို အခုအချိန်မှာ ထိုင်းငွေ တဘတ်ပေးရုံနဲ့ ရနေတဲ့သဘော ဖြစ်တယ်။ ဒါ့အပြင်   လူလုပ်ကပ်ဘေးဆိုး အမျိုးမျိုးကြောင့် အဲဒီ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ရောက်လာတဲ့ (အထူးသဖြင့် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း တရဟောရောက်လာတဲ့) ရွှေမြန်မာတွေကြောင့်   ထိုင်းနိုင်ငံဟာ သူ့နိုင်ငံသားတွေ မလုပ်ချင်တဲ့ သရီးဒီ (dirty, difficult, dangerous) အလုပ်တွေအတွက် အင်မတန်မှ စျေးပေါတဲ့ အလုပ်သမားတွေ မလိုချင်လောက်အောင် ဗုန်းပေါလအော ရရှိနေတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ရောက်လာတဲ့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံကူညီ စောင့်ရှောက်ထားတဲ့ အကြင်နာတရား ကြီးမားတဲ့ နိုင်ငံအဖြစ်လည်း ထိုင်းဟာ ကမ္ဘာ့အလယ်မှာ နာမည်ကောင်း ရနေပါသေးတယ်။

ဒါက မြန်မာစစ်အစိုးရတွေလက်ထက် တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ ပတ်သက်ဆက်နွှယ်မှု အခြေအနေတွေ (အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ဘယ်နိုင်ငံက အသာစီးရနေတယ်ဆိုတာ) ကို အကျဥ်းမျှ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အဲဒီတော့ ဒီအခြေအနေကနေ ယုတ္တိကျကောက်ချက် (logical conclusion) ဆက်ဆွဲလိုက်တဲ့အခါ မိမိရဲ့ ကိုယ်ကျိုးစီးပွားသက်သက်ကိုပဲ ကြည့်မယ်ဆိုရင် တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံမှာ (ပြီးခဲ့တဲ့စစ်အစိုးရတွေလို) ပြည်သူထောက်ခံမှုလည်းမရှိ၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းလည်းမရှိ၊ တိုင်းပြည်အပေါ် စေတနာလည်းမရှိတဲ့ အစိုးရမျိုးက အုပ်ချုပ်တာကိုပဲ နှစ်သက်ကြလိမ့်မယ်ဆိုတဲ့ အချက် ပေါ်ထွက်လာပါတယ်။

စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်က ရှိနေသေးတာမို့ နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ရင်တွင်းက အဲဒီဆန္ဒကို ပါးစပ်က ထုတ်ဖော်ပြောကြားတာမျိုးတော့ မလုပ်ပါဘူး။ မြန်မာနိုင်ငံကို ဘယ်လိုပုံစံမျိုး သူတို့ မြင်ချင်ကြသလဲ ဆိုတာကို သူတို့လုပ်ရပ်တွေကတဆင့်ပဲ အကဲခတ်ကြရတာပါ။ ဒီနေရာမှာ ထိုင်းက အကြောင်းကြောင်းကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ပါသေးတယ်။ တရုတ်ကတော့ သူ့အကျိုးစီးပွားအတွက် အခုအချိန်မှာ ဣန္ဒြေတောင် မဆောင်နိုင်ဘူး ဖြစ်လာပါတယ်။ အထူးသဖြင့် ၁၀/၂၇ စစ်ဆင်ရေးကြောင့် (ရမခ) လားရှိုးကျသွားပြီးနောက်မှာ (စကစ) အာဏာဆက်လက်တည်မြဲရေး ကြိုးပမ်းတဲ့ သူ့ရဲ့လုပ်ရပ်တွေက မဖုံးနိုင် မဖိနိုင် ဖြစ်လာပါတယ်။ တော်လှန်ရေးအဖွဲ့တွေ အောက်စီးမှာရှိနေတုန်းက “မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတာတွေဟာ သူ့ပြည်တွင်းရေးသာ ဖြစ်တယ်။ မိမိတို့အနေနဲ့ တခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို လက်ကိုင်ထားတယ်” လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ လားရှိုးလည်းကျသွားရော သူ့သြဇာကို မလွန်ဆန်နိုင်တဲ့ MNDAA၊ TNLA တို့အပေါ် ပြင်းထန်တဲ့ ဖိအားတွေ ပေးလာခဲ့ပါတယ်။ တရုတ်ရဲ့ အဲဒီဖိအားက နွေဦးတော်လှန်ရေးအပေါ် ဆိုးကျိုးသက်ရောက်မှု တစုံတရာ ရှိခဲ့ပါတယ်။ အခုဆို တရုတ်ဖိအားကြောင့် ရှမ်းမြောက်ဒေသက တိုက်ပွဲအများစု ရပ်ဆိုင်းသွားခဲ့ပါပြီ။ ဒါက အသက်ငင်နေတဲ့ မအလ/စကစ ကို တရုတ်က မိုရီယာမင် သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဆယ်လူကောတက်စ် ထိုးပေးလိုက်တာ ဖြစ်ပါတယ်။

အခုတခါ ကျားဖြန့် နှိမ်နင်းရေး ဇင်ယော်စီမံချက် ဒုတိယပိုင်းဆိုတာ လာပြန်ပါပြီ။ ကျားဖြန့်က မလွဲမသွေ နှိမ်နင်း ချေမှုန်းပစ်ရမယ့်အရာ ဖြစ်တာမှန်ပေမဲ့ ကျားဖြန့်နဲ့ တွဲထားတဲ့ တရုတ်ရဲ့ပစ်မှတ် (double target) က မြန်မာနိုင်ငံတောင်ပိုင်းက တော်လှန်ရေးအင်အားစုတွေလား ဆိုတာ မပြောနိုင်ပါဘူး။ အခုဆို တရုတ်ရဲ့ တောင်းဆိုမှုအရ ထိုင်းအစိုးရက သူ့နိုင်ငံထဲမှာ တရုတ်ထောက်လှမ်းရေးအဖွဲ့တွေကို ရုံးစိုက်ခွင့် ပြုလိုက်ပါပြီ။ တရုတ်ထောက်လှမ်းရေးတွေက ကျားဖြန့် နှိမ်နင်းရေးလုပ်ငန်း တခုတည်းအတွက် ရောက်လာကြမှာလား။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လှုပ်ရှားနေကြတဲ့  နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ သတင်းအချက်အလက်တွေကို (ထိုင်းထောက်လှမ်းရေးတွေရဲ့  အကူအညီကိုလည်း ရယူကောင်းရယူနိုင်) စုဆောင်းပြီး မအလ/စကစ ဆီ ပေးပို့ခြင်းဖြင့် မြန်မာ့အာဏာလု စစ်အုပ်စု သက်ဆိုးရှည်ရေး ကူညီဖို့ ရည်ရွယ်ချက်ရော မပါနိုင်ဘူးလား ဆိုတာကတော့ ဒီနေ့ နွေဦးအင်အားစုတွေ အဖြေထုတ်ကြရမယ့် ကျားဖြန့်ပုစ္ဆာပဲ ဖြစ်ပါတယ်။

စည်တော်သံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024