DVB Logo
Home
နိုင်ငံတကာ
အီရန်နှင့် သဘောတူညီချက်ရရန် အလွန်နီးစပ်နေပြီ ထရမ့်ပ်ပြော
DVB
·
April 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

လက်ရှိစစ်ပွဲ အဆုံးသတ်ရေးအတွက် အဓိကအတားအဆီးဖြစ်နေတဲ့ သန့်စင်ပြီးသား ယူရေနီယမ်တွေကို အီရန်ဘက်က လွှဲပြောင်းပေးဖို့ရာ သဘောတူလိုက်ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

လာမဲ့ သီတင်းပတ်ကုန်မှာ အမေရိကန်နဲ့ အီရန်တို့ကြား ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ရှိတဲ့အလျောက် သဘောတူညီချက်ရဖို့ “အလွန်နီးစပ်နေပြီ” လို့လည်း ဆိုပါတယ်။

အလားတူ အီရန်နဲ့ ဆက်ဆံရေးဟာ အဆင်ပြေချောမွေ့နေပြီး မကြာခင် စစ်ပွဲကို အဆုံးသတ်သင့်ပြီဖြစ်ကြောင်း ထရမ့်ပ်က ဖြည့်စွက်ပြောပါတယ်​။

အခုတခေါက် ထရမ့်ပ်ရဲ့  ပြောဆိုချက်နဲ့ ပတ်သက်ပြီး အီရန်ဘက်က တုံ့ပြန်ချက်ကိုတော့ မတွေ့ရသေးပါဘူး။

မနှစ်တုန်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ရဲ့ သန့်စင်ပြီးသား ယူရေနီယမ်တွေကို မြေအောက်ထဲမှာ သိမ်းဆည်းထားခဲ့ရတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတကိုယ်တိုင် ကြေညာထားတဲ့​ အစ္စရေးနဲ့ လက်ဘနွန်ကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးဟာ စတင်အသက်ဝင်ပြီ ဖြစ်ပါတယ်။

ဒါဟာ လက်ဘနွန်အတွက် “သမိုင်းဝင်နေ့ရက်” ဖြစ်သလို  အပစ်ရပ်ကာလအတွင်း ဟစ်ဇ်ဘိုလာ အဖွဲ့ကိုလည်း “ကောင်းမွန်စွာ လိုက်နာမယ်” လို့ မျှော်လင့်ထားကြောင်း ထရမ့်ပ်က မှတ်ချက်ပေးပါတယ်။

ဟစ်ဇ်ဘိုလာ ဘက်က အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ဖို့ ဆန္ဒရှိပုံရပေမဲ့လည်း အဓိကအားဖြင့် အချက် ၂ ချက်ကို တောင်းဆိုထားပါတယ်။

အဲဒီထဲမှာ လက်ဘနွန်နိုင်ငံထဲက အစ္စရေးတပ်တွေကို ရုပ်သိမ်းပေးဖို့နဲ့ “မင်းငြိမ်ရင် ငါလည်းငြိမ်မယ်” (Quiet for Quiet) ဆိုတဲ့ မူဝါဒတွေ ပါဝင်ပါတယ်။

ဒါ့အပြင် လက်ဘနွန်တောင်ပိုင်းက ၁၀ ကီလိုမီတာအတွင်းပိုင်း “လုံခြုံရေးဇုန်” ထဲမှာ အစ္စရေးတပ်တွေကို နေရာဆက်ချထားမှာ ဖြစ်တာကြောင့် ဒေသခံတွေကို ပြန်မလာဖို့အတွက် သတိပေးထားပါတယ်။

အခုလိုမျိုး ထရမ့်ပ်ရဲ့ အပစ်ရပ်ကြေညာချက်ကြောင့် အစ္စရေးဘက်က အံ့အားသင့်ခဲ့ရပြီး လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေကို ဆင့်ခေါ်ကာ အစည်းအဝေးလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ အစ္စရေးလိုလားတဲ့ ပုံစံအတိုင်း မဟုတ်ပေမဲ့လည်း ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ထရမ့်ပ်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးရတာမျိုး ဖြစ်နိုင်တယ်ဆိုပြီး ရှုမြင်ထားပါတယ်။

တဖက်မှာလည်း ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ သွားလာခွင့်နဲ့ ပတ်သက်ပြီး ဗြိတိန်နဲ့ ပြင်သစ်က အစည်းအဝေးတရပ်ကို ဦးဆောင်ကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ဝန်းကျင်အထိ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013